Trending Now

တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ဗန်းမောက်မြို့နယ် အတွင်းရှိ ကျေးလက်ဒေသအချို့က တောင်သူများ စပါးစိုက်ပျိုးနိုင်ခြင်း မရှိသေး

Spread the love

တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ဗန်းမောက်မြို့နယ် အတွင်းရှိ ကျေးလက်ဒေသအချို့က တောင်သူများ စပါးစိုက်ပျိုးနိုင်ခြင်း မရှိသေး

EPN
ဗန်းမောက်၊ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးလက် ဒေသအချို့တို့တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသောကြောင့် ယခုအချိန်တွင် တောင်သူများ စပါးစိုက်ပျိုးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဗန်းမောက်မြို့နယ် အတွင်း နေထိုင်ကြသော ပြည်သူအများစုမှာ တောင်သူများ ဖြစ်ကြပြီး လယ်ယာများ ကိုင်းကျွန်း တောလယ်များတွင် စပါးစိုက်ပျိုးခြင်းကိုသာ အဓိကလုပ်ကိုင်ကြသူများဖြစ်ကာ ယခုနှစ်တွင် မိုးကောင်းသောကြောင့် လယ်ယာမြေများတွင် ရေများအလုံ အလောက်ရရှိထားသောကြောင့် မြို့နယ်အတွင်းရှိ မြောက်ဘက်ပိုင်း ဒေသများနှင့် အနောက်ဘက်ပိုင်း ဒေသများမှ တောင်သူများမှာ ပျိုးထောင်၍ စပါးများ စိုက်ပျိုးပြီးစီးနေကြပြီ ဖြစ်သော်လည်း အရှေ့ဘက်ပိုင်းဒေသနှင့် တောင်ဘက်ပိုင်းဒေသများရှိ ကျေးရွာအချို့ တို့တွင် တပ်မတော်နှင့် PDF တို့ မကြာခဏထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် စပါးစိုက်တောင်သူများ စစ်ဘေးရှောင် နေကြရသောကြောင့် စပါးများ စိုက်ပျိုးနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

“ကျန်တဲ့ ကျေးလက်ဒေသများမှာတော့ မိုးကောင်းလို့ ပျိုးထောင်ပြီး စပါးတွေစိုက်လို့ ပြီးကုန်ပြီလို့ သိရတယ် ကျွန်တော်တို့ ဗန်းမောက် အရှေ့ဘက်ပိုင်းနဲ့ တောင်ဘက်ပိုင်း ဒေသမှာတော့ တိုက်ပွဲတွေဖြစ်နေကြတော့ ပျိုးထောင်ချိန်လွန်ပြီး စပါးစိုက်ပျိုးချိန်ရောက်လည်း မလုပ်ကိုင်နိုင်ကြသေးဘူး ဖြစ်နေတယ်၊ စစ်ဘေးရှောင် နေကြရတယ်လေ၊ ကျွန်တော်တို့ တောင်သူတွေက စပါးရမှ ဝမ်းစာရေးအတွက်ဖူလုံမှာပါ၊ ဒီနှစ်သာ စပါး မစိုက်လိုက်ရဘူးဆိုရင် ဆန်ဝယ်စားရတော့မယ်၊ ဆန်ဝယ်စားရမယ်ဆိုရင် စီးပွားရေးအကြပ်အတည်းတွေ ဖြစ်လာနိုင်ပါတယ်၊ အချိန်မှီလေး စပါးစိုက်ပျိုးရအောင် တိုက်ပွဲဖြစ်နေတာတွေကို ရပ်တန့်စေချင်လှပြီ”ဟု ခရေပြင်ကျေးရွာနေ တောင်သူတစ်ဦးက ပြောသည်။

တပ်မတော် နှင့် PDF တို့သည် ဇွန်လ ၂၆ ရက်နေ့မှစ၍ ကျောက်အိမ်ကျေးရွာ၊ ခရေပြင်ကျေးရွာ၊ သောင်းကြီးကျေးရွာနှင့် နားမော်ကျေးရွာများတို့တွင် ယနေ့အထိ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ၎င်းကျေးရွာများမှ ပြည်သူများနှင့် ယင်းကျေးရွာအနီးနားရှိ လယ်ဦးကျေးရွာ၊ အလယ်ကန်ကျေးရွာ၊ ထိန်ဆုံကျေးရွာ၊ ကျွဲကောကြီးကျေးရွာ၊ပါယကျေးရွာ၊ ပေါင်းနက်ကုန်းကျေးရွာ၊ ကျောက်ပန်းကျေးရွာနှင့် ငါးမှော်ကျေးရွာများရှိ ပြည်သူများမှာ ဗန်းမောက်မြို့ပေါ်နှင့် တိုက်ပွဲများမရှိကြသည့် ကျေးလက်ဒေသ ဘုန်းတော်ကြီး ကျောင်းများတွင် စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

နာဂစ်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။