Trending Now

မြစ်ကြီးနားမြို့တွင် စားသုံးဆီဈေး တစ်ပိဿလျှင် ၄၀၀၀ နီးပါးအထိ ဈေးမြင့်တက်လာ

Spread the love

မြစ်ကြီးနားမြို့တွင် စားသုံးဆီဈေး တစ်ပိဿလျှင် ၄၀၀၀ နီးပါးအထိ ဈေးမြင့်တက်လာ

EPN
မြစ်ကြီးနား ၊စက်တင်ဘာ ၃

ကချင်ပြည်နယ် ၊မြစ်ကြီးနား မြို့ပေါ်တွင် တစ်ပတ်အတွင်း စားသုံးဆီဈေးနှုန်းများမှာ တစ်ပိဿလျှင် ၄၀၀၀ နီးပါးအထိ ဈေးမြင့်တက်လာကြောင်း မြစ်ကြီးနားမြို့ပေါ်ရှိ စားသုံးဆီ လက်လီလက်ကား ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

ပြီးခဲ့သည့် တစ်ပတ်အတွင်း မြစ်ကြီးနားမြို့ပေါ်တွင် စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿလျှင် ၈၇၀၀ ကျပ် ရှိခဲ့ရာမှ လက်ရှိတွင် ၁၁၅၀၀ အထိ ဈေးမြင့်တက်ခဲ့ပြီး ပဲဆီတစ်ပိဿလျှင် ၁၂၅၀၀ ကျပ် မှ ၁၆၀၀၀ ကျပ် ၊မုန့်ညှင်းဆီ တစ်ပိဿလျှင် ၁၁၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်အထိ အသီးသီး ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့အတွက် လိုအပ်သည့် စားသုံးဆီများကို ရန်ကုန်တိုင်းမှ အဓိက တင်သွင်းခြင်းဖြစ်ပြီး လက်ရှိတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်း၊ နိုင်ငံရေးအခြေအနေများကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း ၊ကုန်တင်ယာဉ် ပြေးဆွဲမှုနည်းပါးလာခြင်း များကြောင့် စားသုံးဆီဈေးနှုန်းမြင့်တက်လာခြင်းဖြစ်နိုင်ကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

“စားသုံးဆီတွေ ဈေးပြန်တက်တာ တစ်ပတ်လောက်ရှိနေပြီး ဝယ်လိုအားတွေ အရမ်းများပေမဲ့ အဝင်သိပ်မရှိတော့ ရောင်းလိုအား မလိုက်နိုင်ဘူးဖြစ်နေတဲ့အတွက် ဖောက်သည်တွေကို ဦးစားပေး ရောင်းနေရတယ်”ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ စားသုံးဆီ ဈေးနှုန်းမြင့်တက်မှုကြောင့် တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေကြသည့် အကြော်လုပ်ငန်းများ လက်ဖက်ရည်ဆိုင်များအနေဖြင့် အခက်အခဲ ဖြစ်ပေါ်လျက်ရှိပြီး အချို့မှာ လုပ်ငန်းရပ်နားထားရသည့်အခြေအနေများဖြစ်ပေါ်နေကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။