Trending Now

ဆိုင်ကလုံးမုန်တိုင်း “အမ်ဖန်” ကြောင့် အိန္ဒိယတွင် သေဆုံးသူ ၈၀ ဦးအထိ ရှိလာ

Spread the love

ဆိုင်ကလုံးမုန်တိုင်း “အမ်ဖန်” ကြောင့် အိန္ဒိယတွင် သေဆုံးသူ ၈၀ ဦးအထိ ရှိလာ

EPN
နိုင်ငံတကာ၊ မေ ၂၂

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်ဂေါပြည်နယ်တွင် ဆိုင်ကလုံးမုန်တိုင်း “အမ်ဖန်” တိုက်ခတ်မှုကြောင့် သေဆုံးသူ ဦးရေမှာ ယနေ့ ၈၀ ဦးအထိ မြင့်တက်လာခဲ့ပြီဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများ သုံးသပ်ရန် ရဟတ်ယာဉ်ဖြင့် အနောက်ဘင်ဂေါပြည်နယ်သို့ သွားရောက်ခဲ့သည်။

“ဒီမုန်တိုင်းကြောင့် လူ ၈၀ သေဆုံးခဲ့ပါတယ်။ ကျွန်မတို့ ပြည်သူ ၆၀၀၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ပါတယ်။ ဆိုင်ကလုံးမုန်တိုင်း “အမ်ဖန်” ရဲ့ အချိန်နဲ့သိပ်သည်းမှုက တော်တော်ဆိုးပြီး သဘာဝဘေး အန္တရာယ်တစ်ခုဆိုတာထက် ပိုပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် မာမာတာဘာနာဂျီးက မီဒီယာများသို့ ပြော ကြားခဲ့သည်။

ဆိုင်ကလုံးမုန်တိုင်း၏ အချင်းဝက်မှာ ကီလိုမီတာ ၄၅၀ ရှိကြောင်း ၄င်းက ဆိုသည်။

“ကျွန်မဘဝမှာ ဒီလို မုန်တိုင်းမျိုး တစ်ခါမှ မကြုံတွေ့ဖူးပါဘူး။ လျှပ်စစ်မီးဖြန့်ဖြူးတာတွေမှာ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး ကျွန်မအိမ်မှာ တောင် လျှပ်စစ်မီးမရပါဘူး။ မိုဘိုင်းဖုန်းလိုင်းတွေလည်း ပျက်စီးခဲ့ပေမဲ့ မစိုးရိမ်ပါနဲ့။ အကုန်လုံး အဆင်ပြေသွားမှာ ပါ” ဟု သူက ပြောသည်။

ဝန်ကြီးချုပ် မိုဒီမှာ ကိုးလ်ကတ္တားလေဆိပ်သို့ ဆိုက်ရောက်လာခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။ “သူ (ဝန်ကြီးချုပ် မိုဒီ) က ဝေဟင်ကနေ ထိခိုက်ပျက်စီးမှုတွေကို ကြည့်ရှုပြီး လေ့လာသုံးသပ်ပါလိမ့်မယ်။ ပြီးရင် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးကို ဆွေးနွေးမှာပါ” ဟု ဝန်ကြီးချုပ်ရုံးက မေလ ၂၁ ရက်တွင် ထုတ်ပြန် ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။

အနောက်ဘင်ဂေါပြည်နယ်သို့ သွားရောက်ပြီးလျင် ဝန်ကြီးချုပ် မိုဒီက အိုဒစ်ရှာပြည်နယ်သို့ သွားရောက်မည်ဖြစ်သည်။ ဆိုင်ကလုံးမုန်တိုင်း “အမ်ဖန်” ကြောင့် အိုဒစ်ရှာပြည်နယ်တွင် ထိခိုက်ပျက်စီးမှုများစွာ ရှိခဲ့ပြီး ကမ်း ရိုးတန်းခရိုင်အများအပြားတွင် ဓာတ်အားလိုင်းများ၊ ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ရ သည်။

ဆိုင်ကလုံးမုန်တိုင်း “အမ်ဖန်” ကြောင့် အနောက်ဘင်ဂေါနှင့် အိုဒစ်ရှာပြည်နယ်များတွင် လေပြင်းတိုက် ခတ်မှုများ၊ မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ရာ ယာယီအိမ်များ၊ လျှပ်စစ်မီးတိုင်များ လေနှင့် လွင့်မြောခဲ့ရ သလို သစ်ပင်များစွာ အမြစ်ပြုတ်ထွက်ခဲ့ကြောင်း သိရသည်။

–ကိုးကား–
ဆင်ဟွာ
Ref; Death toll from cyclone in India’s West Bengal rises to 80


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။