Trending Now

မြစ်ကြီးနား-တနိုင်းသွားလမ်းရှိ နောင်းမီရွာ၊ ဝါရာဇွပ်နှင့် ဘန်ကောက်ကြား လမ်းပိုင်းတစ်ချို့ ပျက်စီးနေသည့်အတွက် အချိန်ကြန့်ကြာမှု ဖြစ်ပေါ်နေပြီး ဒေသခံများသွားလာမှု ခက်ခဲနေ

Spread the love

မြစ်ကြီးနား-တနိုင်းသွားလမ်းရှိ နောင်းမီရွာ၊ ဝါရာဇွပ်နှင့် ဘန်ကောက်ကြား လမ်းပိုင်းတစ်ချို့ ပျက်စီးနေသည့်အတွက် အချိန်ကြန့်ကြာမှု ဖြစ်ပေါ်နေပြီး ဒေသခံများသွားလာမှု ခက်ခဲနေ

EPN
မြစ်ကြီးနား၊ ဩဂုတ် ၈

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွားလမ်းရှိ နောင်းမီရွာ၊ဝါရာဇွပ်နှင့် ဘန်ကောက်ကျေးရွာကြားရှိ လမ်းပိုင်းတစ်ချို့ပျက်စီးနေသည့်အတွက် ခရီးသည်ကားများအချိန် ကြန့်ကြာမှုများဖြစ်ပေါ်ကာ ဒေသခံများ သွားလာမှုခက်ခဲနေရကြောင်း သိရသည်။

ယခင်က မြစ်ကြီးနား -တနိုင်း ခရီးစဉ်မှာ အချိန် ၉ နာရီခန့်သာ ကြာမြင့်သော်လည်း မိုးများပြီး လမ်းပိုင်းတစ်ချို့ ပျက်စီးနေမှုကြောင့် ယခုနောက်ပိုင်းတွင် ၁၁ နာရီမှ ၁၂ နာရီအထိ ကြာမြင့်လာသလို လမ်းတွင် ညအိပ်ရပ်နားရသည့် အခြေအနေများ ရှိလာကြောင်း မြစ်ကြီးနား-တနိုင်းပြေးဆွဲနေသည့် ယာဉ်မောင်းများထံမှ သိရသည်။

“အရမ်းဆိုးတဲ့နေရာဆိုရင်တော့ အဲ့နောင်းမီ၊ဝါရာဇွတ်ရယ် ဘန်ကောက် အဲ့ဘက်တွေမှာပိုဆိုးတယ်၊ လမ်းကရွံ့တွေပဲဖြစ်နေတော့ ကားတစ်စီးဖြတ်ရဖို့ကို အချိန်အတော်ယူရတယ်၊ တစ်ချို့ကားတွေကိုတော့ လူတွေနဲ့ပဲတွန်းပြီးဖြတ်ကြတယ်၊ တချို့ကားတွေဆို ကားအချင်းချင်းကြိုးနဲ့ပြန်ဆွဲရတာ၊ပုံမှန်တိုင်းဆို မနက် ၈နာရီကနေစထွက်ရင် ည ၅နာရီလောက်တော့ရောက်တယ်၊ အခုက အဲ့လိုမဟုတ်တော့ဘူး”ဟု ကားသမားတစ်ဦးက ပြောဆိုသည်။

နောင်းမီရွာ၊ဝါရာဇွပ်နှင့် ဘန်ကောက်ကျေးရွာကြားရှိ လမ်းများမှာ မြေသားလမ်းများဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှ ရွာသွန်းခဲ့သည့် မိုးများမှုကြောင့်ပျက်စီးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပြင်ဆင်နိုင်ခြင်းမရှိသေးသည့်အတွက် ယာဉ်မောင်းများအခက်အခဲဖြစ်နေကြကြောင်း သိရသည်။

“မိုးရွာပြီးလမ်းတွေပျက်နေတာက ဟိုလကုန်ခါနီးကပဲ လမ်းက ချိုင့်တွေဖြစ်ကုန်တာ အဲ့မှာရေတွေဝပ်တော့ မြေကြီးတွေကပျော့၊ ထပ်ပြီးကားတွေကလည်းအဆက်မပျက်သွားနေတော့ အခုထိကိုမကောင်းနိုင်သေးဘူး၊ တစ်ချို့ကားတွေဆို တစ်နေရာကိုဖြတ်ဖို့တောင်အချိန်တော်တော်ကြာတယ်” ဟု ခရီးသည်တစ်ဦးက ပြောဆိုသည်။

နောင်းမီကျေးရွာနှင့် ဘန်ကောက်ကျေးရွာကြားရှိလမ်းပိုင်းများနှင့် တံတားများမှာ ပြီးခဲ့သည့်နှစ်မှ ပြုပြင်ပြီးစီးခဲ့ခြင်းဖြစ်သော်လည်း လမ်းအချို့နေရာများမှာ ကျောက်ခင်းလမ်းမဟုတ်ပဲ မြေသားလမ်းများ ဖြစ်နေသည့်အတွက် ပြန်လည်ပျက်စီးနေခြင်းဖြစ်ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။