Trending Now

ဘိုကလေးမြို့နယ်ရှိ ဧရာအပန်းဖြေပင်လယ်ကမ်းခြေကို လာရောက်သည့် ခရီးသွားဧည့်သည်များ တည်းခိုနိုင်ရန် တည်းခိုရိပ်သာများ ပြင်ဆင်နေ

Spread the love

ဘိုကလေးမြို့နယ်ရှိ ဧရာအပန်းဖြေပင်လယ်ကမ်းခြေကို လာရောက်သည့် ခရီးသွားဧည့်သည်များ တည်းခိုနိုင်ရန် တည်းခိုရိပ်သာများ ပြင်ဆင်နေ
EPN
ဘိုကလေး၊ ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ဧရာအပန်းဖြေကမ်းခြေသို့ လာရောက်လည်ပတ်သည့် ခရီးသွား ဧည့်သည်များ လာရောက်တည်းခိုနိုင်ရန်တည်းခိုရိပ်သာများကို ပြင်ဆင်နေကြောင်း ဘိုကလေးမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ သိရသည်။
ဧရာအပန်းဖြေ ပင်လယ်ကမ်းခြေသည် ဘိုကလေးမြို့နယ် ဧရာကျေးရွာနှင့် ကဒုံကနိကျေးရွာအနီးတွင် တည်ရှိပြီး သဘာဝအတိုင်း ပေါ်နေသည့် အပန်းဖြေကမ်းခြေဖြစ်ကာ ကမ်းခြေသို့ လာရောက်လည်ပတ်အပန်းဖြေသည့် ပြည်တွင်း ပြည်ပ ခရီးသွားများ စိတ်အေးချမ်းသာစွာ တည်းခိုလည် ပတ်နိုင်ရန် တည်းခိုရိပ်သာ အလုံးရေ ၅၄လုံးကို ပြင်ဆင်ဆောင်ရွက်နေကြောင်း ဘိုကလေးမြို့နယ် ခရီးသွား လုပ်ငန်းအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
”ဧရာ အပန်းဖြေ ပင်လယ်ကမ်းခြေက သဘာဝအလှအပအတိုင်း ဖြစ်ထွန်းနေတဲ့ သာယာကြည်နူးဖွယ် အပန်းဖြေ ကမ်းခြေဖြစ်တယ်၊ ကမ်းခြေ ဖွင့်လှစ်တဲ့အခါ လာရောက် လည်ပတ်အပန်းဖြေတဲ့ ဧည့်သည်တွေ အဆင်ပြေပြေ တည်းခိုနိုင်ဖို့အတွက် တည်းခိုရိပ်သာတွေကို ပြင်ဆင်နေတာပါ၊ ဧရာ အပန်းဖြေ ကမ်းခြေ ဖြစ်ထွန်းလာတာကြောင့် နှစ်တိုင်း ဒေသမှာ ဒေသခံတွေ မီးခိုးမထွက်ပဲ စီးပွားရှာလို့ အခွင့်အလမ်းတွေ ရရှိနေတာ ဖြစ်ပါတယ်၊ ဧရာအပန်းဖြေ ပင်လယ်ကမ်းခြေကို နှစ်စဉ်ဖေဖော်ဝါရီလ ဒါမှမဟုတ် မတ်လမှ ဖွင့်တာပါ၊ အခုနှစ်တော့ မတ်လမှာဖွင့်ဖို့ လျာထားတယ်လို့ သိရတယ်။”ဟု ၎င်းက ဆိုသည်။
အဆိုပါ ကမ်းခြေသို့ လာရောက်လည်ပတ်သည့် ခရီးသွား ဧည့်သည်များ တည်းခိုစားသောက်နိုင်ရန် ပင်လယ်စာ အရောင်းဆိုင်များ၊ ဒေသထွက် လက်ဆောင်ပစ္စည်း အရောင်းဆိုင်များ၊ ဒေသထွက် အစားသောက်ဆိုင်များ ကိုလည်း ဖွင့်လှစ်ရောင်းချပေးမည်ဖြစ်ပြီး ကိုဗစ် – ၁၉ကပ် ရောဂါဖြစ်ပွားခြင်းနှင့် နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်များ
ဖြစ်ပွားပြီး နောက်ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်သည့်အတွက် ခရီးသွားများ မလာရောက်မည်ကို စိုးရိမ်နေသည် ဟု စား သောက်ဆိုင် လုပ်ငန်းရှင်တစ်ဦး က ပြောသည်။
”အရင်းအနှီးတွေ ထုတ်ပြီး ရောင်းချဖို့ ပြင်ဆင်ထားတယ်၊ ဒီလိုပြင်ဆင်ထားပေမယ့် ခရီးသွားတွေမလာမှာ စိုးရိမ်တယ်၊ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့နှစ်က ကိုဗစ်တွေဖြစ်ခဲ့တာနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်ပါ၊ လူတွေကျပ်တည်းနေကြတာလေ ၊ အပျော်မပါး အပန်းဖြေဖို့ဆိုတာက အရေးကြီးတဲ့ ကိစ္စမဟုတ်တော့ ရင်းနှီးပြင်ဆင်ထားရတာ စိုးရိမ်တယ်။” ၎င်း က ပြောပြသည်။
ဘိုကလေးမြို့ရှိ ဧရာအပန်းဖြေ ပင်လယ် ကမ်းခြေမှ တစ်ဆင့် ဘိုကလေး ကံ့ကော်တစ်ထောင် စေတီကို သွားရောက်ဖူးမြော်နိုင်သည်ဟု သိရပြီး အဆိုပါ ကမ်းခြေမှ မော်လမြိုင်ကျွန်းမြို့ကို သွားပါက မိုင် ၄၀ ခန့်သာကွာ ဝေးသဖြင့် ရွှေတိဂုံပုံတူ မြို့ဦးစေတီ၊ ပြည်လုံးချမ်းသာ ဆုတောင်းပြည့်လောကသကျမာရဇိန်နှင့် တာဝတိံသာ စေတီကိုလည်း ဖူးမြော်နိုင်မည်ဟု သိရသည်။
သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။