Trending Now

အင်းတော်ကြီး နန့်မွန်းမြို့တွင် သုံးကြိမ်တိုင်ရေကြီးမှုကြောင့် ဒေသအတွင်း ကျပ်ငွေသိန်း ၃၅၀ ဝန်းကျင် ဆုံးရှုံးခဲ့ပြီး လယ်ဧက ၆၀ နီးပါးမှ စပါးများပျက်စီးဆုံးရှုံး

Spread the love

အင်းတော်ကြီး နန့်မွန်းမြို့တွင် သုံးကြိမ်တိုင်ရေကြီးမှုကြောင့် ဒေသအတွင်း ကျပ်ငွေသိန်း ၃၅၀ ဝန်းကျင် ဆုံးရှုံးခဲ့ပြီး လယ်ဧက ၆၀ နီးပါးမှ စပါးများပျက်စီးဆုံးရှုံး

EPN
မြစ်ကြီးနား၊ ဩဂုတ် ၄

ကချင်ပြည်နယ် အင်းတော်ကြီး နန့်မွန်းမြို့တွင် သုံးကြိမ်တိုင်ရေကြီးမှုကြောင့် ဒေသအတွင်း ကျပ်ငွေသိန်း ၃၅၀ ဝန်းကျင် ဆုံးရှုံးခဲ့ပြီး လယ်ဧက ၆၀ နီးပါးမှ စပါးများပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့တွင် တောင်ကျရေ စံချိန်တင် ရေကြီးခဲ့ပြီး အလျားပေ ၃၀ ၊အနံ ၁၅ ပေတံတား တစ်စင်း ရေမျှောပါမှု၊ နန့်တဲဘုန်းကြီးကျောင်းသွားလမ်း ကိုယ်ထူကိုထ ကွန်ကရစ်တံတားတစ်စင်း ကျိုးကျမှု ၊လယ်ပုံတန်း-ထောပတ်ကုန်းလမ်း အလျားပေ ၆၀၀၊ အကျယ် ပေ ၄၀ ရေတိုက်စားပျက်စီးမှု၊ လယ်ပုံတန်းအနောက်ပိုင်း အလျားပေ ၁၀၀ ၊အကျယ် ပေ ၁၈ လမ်းပိုင်း ရေတိုက်စားပျက်စီးမှု ၊အမှတ် ၂ ရပ်ကွက် သွပ်ကာ ခြံစည်းရိုး ပေ ၅ဝအပျက်စီးမှု၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မြစ်ချောင်းဖြိုး ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် မြေထိန်းနံရံ ပြိုကျပျက်စီးမှု များ ပျက်စီးခဲ့ပြီး ခန့်မှန်းတွက်ချက်မှုများအရ ကျပ်သိန်း ၃၅၀ ဝန်းကျင်ရှိခဲ့ကြောင်းသိရသည်။

အလားတူအင်းတော်ကြီးဒေသ ဟဲပုကျေးရွာ ဝန်းကျင်တွင်လည်း ဇူလိုင် ၂၃ ရက်နေ့က နေရာကွက် မိုးကြီးခဲ့ရာ နေအိမ်တစ်လုံး၊အိမ်မွေး တိရစ္ဆာန်များ ရေထဲမျှောပါခြင်း၊ လယ်ဧက ၆၀ ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

တတိယအကြိမ်ရေကြီးမှုကြောင့် ရပ်ကွက်များအတွင်း ရေများဝင်ရောက်ခဲ့ပြီး လူနေအိမ်များအတွင်းသို့ နွံများကျန်တင်ထားသည့်အပြင် ပစ္စည်းဆုံးရှုံးမှုနှင့် အိမ်မွေးတရိစ္ဆာန်များ ဆုံးရှုံးမှုမရှိကြောင်း ‌ကျောက်စလစ်ကုန်းရပ်ကွက်နေသူ တစ်ဦးကပြောသည်။

“ဒီမှာရေကြီးတာဆိုရင်အခု တတိယအကြိမ်မြောက်ရှိနေပြီ၊ပထမတစ်ခေါက်တုန်းကတော့ရပ်ကွက်နေပြည်သူတွေက ကြိုတင်ပြင်ဆင်ထားခြင်းမရှိတော့ပစ္စည်းတွေ၊တရိစ္ဆာန်တွေပါသွားတာတွေရှိတယ်၊ဒုတိယတခါကြီးတာကတော့အရမ်းတော့မဟုတ်ဘူးချောင်းရေလောက်ပဲကြီးတာ၊ဒီတခါလည်းရေတွေဝင်တယ်ဒါပေမဲ့ဒီတခါကျတော့အားလုံးကကြိုတင်ပြင်ဆင်ထားကြတော့ဆုံးရှုံးမှုတွေမရှိတော့ဘူး၊လေကွင်းကစပါးတွေတော့အနည်းငယ်ပျက်စီးသွားတယ်”ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ အင်းတော်ကြီး နန့်မွန်းမြို့တွင် ယခုလိုရေကြီးရေလျှံမှု မကြာခဏဖြစ်ပွားရခြင်းမှာကျောက်အလွန်အကျွံထုတ်ခြင်း၊နန့်မွန်း-ဟိုပင်ကားလမ်းချဲထွင်ရာတွင် တောင်ကြောလမ်းတစ်ခုလုံး မြေစာဖယ်ရှားရာတွင် ချောင်းဖျားအတွင်း သို့ ဖြိုချခဲ့ခြင်း၊ နန့်မွန်းမြို့အတွင်း ချောင်းစီးဆင်းရာ လမ်းတစ်လျှောက်တွင် လူနေအိမ်များကချောင်းနေရာကျူးကျော်သဖြင့် ကျဉ်းသွားခြင်း၊ ချောင်းဘေး လယ်သမားများက တစ်ပိုင်တစ်နိုင်ရေလွဲဆည်များ ပြုလုပ်နေကြခြင်းကလည်း မြို့တွင်ရေ အဆမတန် မြှင့်တက်စေသည့် အကြောင်းအရင်းဖြစ်ကြောင်း သုံးသပ်ကြသည်။

အင်းတော်ကြီး ဒေသတွင် ယခုကဲ့မိုးရွာသွန်းမှုကြောင့် ရပ်ကွက်ထဲထိရေဝင်ခြင်း၊ လမ်းများပျက်စီးခြင်း၊တံတားများမျှောပါခြင်းများ ယခင်နှစ်များတွင် ဖြစ်လေ့ဖြစ်ထမရှိသော်လည်း ယခုနှစ်တွင် ပြည်သူများမှ သဘာဝပန်ဝန်းကျင်အား ချိုးဖောက်ဖျက်ဆီးမှုများရှိလာသည့်အတွက် ရေကြီးရေလျှံမှုများဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။