Trending Now

အမျိုးသားနှစ်ဦးအား အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်မှုဖြင့် ထောင်ဒဏ် တစ်သက်ချမှတ်ခံရ

Spread the love

အမျိုးသားနှစ်ဦးအား အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်မှုဖြင့် ထောင်ဒဏ် တစ်သက်ချမှတ်ခံရ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၇

အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ပါ၀င်ပတ်သက်မှုဖြင့် အမျိုးသား နှစ်ဦးကို ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် စစ်ခုံရုံးက ထောင်ဒဏ် တစ်သက်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ပြန်ကြားရေး၀န်ကြီးဌာန ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာကားဝန်းနေ နိုင်လင်းအောင် သည် အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံ ထောက်ပံ့ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း အကြမ်းဖက်သင်တန်း တက်ရောက်ခြင်း၊ လက်နက်၊ ခဲယမ်းများနှင့် လက်လုပ်ဗုံးများ သယ်ဆောင်ပေးခြင်းဖြင့် အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုဆိုင်ရာ ပြစ်မှုကို ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားသည်။

အလားတူ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အမှတ်(၂) သိင်္ဂီလမ်း ကျောင်းပိုင်းရပ်ကွက်နေ အောင်ဘုန်းကျော် သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း အကြမ်းဖက်သင်တန်း တက်ရောက်ခြင်း၊ အများပြည်သူ (သို့မဟုတ်) တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံအဆောက်အဦများကိုဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အဦကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းကြောင့် အထက်ပါအမျိုးသား နှစ်ဦးကို စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)နှင့် ၅၀(က) တို့အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်တွင်၎င်းတို့အား ထောင်ဒဏ် တစ်သက် ပြစ်ဒဏ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။