Trending Now

မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာ အုပ်စုဘက်တွင် ဒေသခံပြည်သူများ စစ်ဘေးရှောင်ကြရန် KIA၊ PDF ပူးပေါင်းအဖွဲ့က သတိပေးလာ၍ ဒေသခံများစိုးရိမ်မှု မြင့်တက်

Spread the love

မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာ အုပ်စုဘက်တွင် ဒေသခံပြည်သူများ စစ်ဘေးရှောင်ကြရန် KIA၊ PDF ပူးပေါင်းအဖွဲ့က သတိပေးလာ၍ ဒေသခံများစိုးရိမ်မှု မြင့်တက်

EPN
မြစ်ကြီးနား၊ ဧပြီ ၆ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာ အုပ်စုဘက်တွင် KIA၊ PDF ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့်လ နောက်ဆုံးပတ်က ဒေသခံများ စစ်ဘေးရှောင်ကြရန် ကြိုတင်သတိပေးလာ၍ ဒေသခံပြည်သူများ အနေဖြင့် စိုးရိမ်ပူပန်နေကြောင်းသိရသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက KIA၊ PDF ပူးပေါင်းအဖွဲ့သည့် ဝမ်ပေါင် လေတပ်စခန်းအား ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခြင်း၊ အကျဲစခန်းကုန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ပြီးနောက် ဒေသခံပြည်သူများ စစ်ဘေးရှောင်ကြရန် ကြိုတင်သတိပေး ခြိမ်းခြာက်မှုများ ရှိလာ၍ ဒေသခံပြည်သူများ စိုးရိမ်ပူပန်နေကြောင်း ရပ်ကျေးအဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။

” ကျွန်တော်တို့လည်း ကြားတယ်။ ဒါပေမယ့် တရားဝင် သတိပေးတာတော့ မဟုတ်ဘူး။ ဘုရားကျောင်းတွေက ဆရာတွေကနေတဆင့် ကြားသိရတယ်။ ပြည်သူတွေ ကြိုတင် သတိရှိရှိနေကြဖို့ စားနပ်ရိက္ခာစုဖို့ ဗုံးခိုကျင်းတူးဖို့ အဲ့လောက်မှာကြားတာမျိုး ကြားတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ကိစ္စများ ပေါ်ထွက်လာပြီးနောက် အကျဲကျေးရွာအုပ်စု အတွင်းက ဒေသခံပြည်သူများသည် ၎င်းတို့၏ စိုက်ပျိုးရေးလုပ်ငန်းများကို စောလျင်စွာသိမ်းဆည်းခြင်း၊ သီးထပ် စိုက်ပျိုးခြင်း လုပ်ငန်းများကို ရပ်ဆိုင်းလာခြင်းများ ပြုလုပ်လာကြောင်း ဖလော်ကျေးရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

” ပြည်သူကတော့ ကြားညပ်တာပေါ့ဗျာ။ ဟိုဘက်ကလည်း အကြပ်ကိုင်၊ ဒီဘက်ကလည်း တင်းကြပ်မှုတွေရှိ။ ကျွန်တော်တို့ပြည်သူက ဘာလုပ်စားရမလဲပေါ့။ အခုဆို နွေရာသီ စိုက်ပျိုးရေးတွေ ဆက်လုပ်ဖို့ အခြေအနေ စောင့်ကြည့်နေရတယ်။ တောင်ယာတဲမှာလည်း မနေရဲဘူး။ စိုးရိမ်နေရတယ် ” ဟု အမည်မဖော်လိုသူ ပြည်သူတစ်ဦးက ပြောသည်။

တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်လာပါက အကျဲကျေးရွာအုပ်စု အတွင်းက ဒေသခံပြည်သူ အများအပြား စစ်ဘေးရှောင်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်ရမည့်အပြင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ကဏ္ဍများ နစ်နာဆုံးရှုံးမည်ကို စိုးရိမ်နေကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က KIA၊ PDFပူးပေါင်းအဖွဲ့မှ တပ်မတော် လုံခြုံရေးစခန်းငယ်များကို လာရောက်ပစ်ခတ်မှု ရှိခဲ့၍ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပြီး၊ ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

ရန်နိုင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။