Trending Now

ဖားကန့်မြို့နယ်တွင် လက်နက်ကိုင်လူငယ်တစ်စုမှ သေနတ်ကိုင်ကာ ဖုန်းဆိုင်တစ်ခုမှ ဖုန်းများနှင့် ငွေများလုယက်မှုဖြစ်ပွား

Spread the love

ဖားကန့်မြို့နယ်တွင် လက်နက်ကိုင်လူငယ်တစ်စုမှ သေနတ်ကိုင်ကာ ဖုန်းဆိုင်တစ်ခုမှ ဖုန်းများနှင့် ငွေများလုယက်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာလ ၂

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ ဖုန်းဆိုင်တစ်ခုတွင် ယနေ့ ဒီဇင်ဘာလ ၂ရက်နေ့ နံနက် (၉)နာရီခန့်က လက်နက်ကိုင် လူငယ်တစ်စုမှ သေနတ်ကိုင်ကာ ဆိုင်အတွင်းဝင်ရောက်ပြီး ဖုန်းများနှင့် ငွေများ လုယက် ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

လုံးခင်းကျေးရွာ ရပ်ကွက်(၄) အတွင်းရှိ JL ဖုန်းအရောင်းဆိုင်တွင် လူငယ်နှစ်ဦးမှ သေနတ်ရှည် (၂)လက်ဖြင့် ဝင်ရောက်လာကာ ဖုန်း (၇)လုံးခန့်နှင့် ငွေများ စုစုပေါင်း ငွေကျပ် သိန်း (၅၀)ကျော်ကို လုယက်ကာ ဆိုင်ဝန်ထမ်းတစ်ဦး၏ ဆိုင်ကယ်ပါ ယူဆောင်သွားခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

“ဆိုင်က လုံးခင်းအထွက် မှော်စီစာဘက် သွားလမ်း၊ လုံးခင်းရဲ့ အစွန်ဘက်မှာရှိနေတာ၊ လူက အရမ်းတော့ မပြတ်ဘူး၊ လမ်းလျောက်ဝင်လာကြတယ်လို့ပြောတယ်။ ဆိုင်ထဲဝင်ပြီး ဆိုင်ဝန်ထမ်းတွေကို မှောက်ခိုင်းထားတာ၊ တစ်ယောက်က အပေါ်ကိုတက်ပြီး ငွေသားတွေထုတ်ခိုင်းတာ၊ တံခါးဘေးက မှန်တွေလဲရိုက်ခွဲသွားကြတယ်၊ သူတို့ထွက်သွားတော့လဲ ဆိုင်ကယ်တစ်စီးပါယူသွားတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ယင်းလက်နက်ကိုင်ကာ လုယက်ခဲ့သူနှစ်ဦးကို စုံစမ်းနေဆဲဖြစ်ပြီး သက်ဆိုင်ရာသို့ တိုင်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

“ဆိုင်ထဲကို နှစ်ယောက်လုံးက Mask အဖြူရောင်နဲ့ ဝင်လာကြတာ၊ နောက်ကတစ်ယောက်က ဆာလာအိတ်ပါလာတယ်၊ ဖုန်းထည့်တဲ့ ရှိုးကစ်သော့လည်း တောင်းတယ်၊ ငွေဘယ်မှာထည့်လဲ မေးတယ်၊ လိမ်ရင်ပစ်သတ်မယ်လို့ပြောတယ်၊ မအော်ကြနဲ့ လှုပ်လဲ မလှုပ်နဲ့ပြောတယ်၊ ” ဟု ခြိမ်းခြောက်လုယက်ခဲ့ကြောင်း ယင်းဆိုင်ရှိ CCTV မှတ်တမ်းများထဲမှ ပြောဆိုသံများကိုကြားသိရသည်။

ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အလားတူဖြစ်စဉ်များ မကြာခဏဖြစ်ပွားလေ့ရှိကာ နိုဝင်ဘာလ (၁၁)ရက်နေ့ကလည်း ဆိပ်မူကျေးရွာ အနီး ကျောက်ဝိုင်းမှ ပြန်လာသည့် အမျိုးသားတစ်ဦးကို လူငယ် (၃)ဦးမှ ဓားထောက်ကာ ဖုန်း၊ ပိုက်ဆံအိတ်နှင့် ဆိုင်ကယ်ပါ လုယက်ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။