Trending Now

လူမှုဘဝနှင့် နိုင်ငံရေး အပိုင်း(၁)

Spread the love

လူမှုဘဝနှင့် နိုင်ငံရေး အပိုင်း(၁)

EPN
သတင်းဆောင်းပါး၊ ၂၀၂၂ခုနှစ်၊ ဧပြီလ ၂၂ ရက်

မိုးမြင့်မောင် – ပြုစုရေးသားတင်ပြသည်။

၂၀၁၀ တွင် စတင်ပြောင်းလဲခဲ့သည့် မြန်မာ့ဒီမိုကရေစီနိုင်ငံရေးသည် ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုကြောင့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို နောက်ပြန်လန်ကျစေခဲ့သည်။ အာဏာရှင်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ်သို့ပြောင်းလဲခဲ့သည့် အပြောင်းအလဲသည် ၂၀၁၀ – ၂၀၁၅ ခုနှစ်များတွင် သွေးထွက်သံယိုမှုမရှိပဲ ပြောင်းလဲနိူင်ခဲ့သဖြင့် ကမ္ဘာ့အလယ်တွင်ချီးမွမ်းခံခဲ့ရသည်။ ထိုကဲ့သို့ ပြောင်းလဲနိူင်ခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ Mother Law ကြောင့်ပင်ဖြစ်သည်ဟု ဆိုလျှင်မှားမည်မဟုတ်ချေ။ ယနေ့အချိန်တွင် မြန်မာနိုင်ငံသည် အဘက်ဘက်မှ ယိုယွင်းပျက်စီးနေသည်ဟု ဆိုလာလျှင်လက်ခံရမည်သာဖြစ်သည်။

“မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း၂၀၀၈ ခုနှစ်မှာလူပေါင်း ၁၃၀၀၀၀ ကျော်သေတယ်။ နာဂစ်အပြီးမှာ NGO တွေအများကြီးပေါ်လာတယ်။ Local NGO တွေလည်း အများကြီးပေါ်ခဲ့တယ်။ အဲအချိန်ကစပြီး မြန်မာနိုင်ငံမှာ CSO တွေအားကောင်းလာတာ အခုအထိပဲ။ လှူဒါန်းမှုတွေရော ထောက်ပံ့မှုတွေရဲ့ ဘယ်နှရာခိုင်နှုန်းက မုန်တိုင်းသင့်ပြည်သူတွေဆီ ရောက်တယ်ဆိုတာကို တချို့ဆို ၃၀၊ ၄၀ ရာခိုင်နှုန်း၊ တချို့ဆို ၂၀ ရာခိုင်နှုန်း လောက်ပဲရောက်တယ်။ အများကြီးဖြစ်တယ်။ အဲဒီမှာတင် NGO Business ဆိုကြီးထွားလာတယ်လို့ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင်ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် NGO အဖွဲ့အစည်းများရဲ့ လုပ်ငန်း ဆောင်ရွက်နေမှုနဲ့ပတ်သက်လို့ သတင်းမီဒီယာတွေက မေးမြန်းမှုကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလက သမ္မတရုံးညွှန်ကြားရေးမှူးချုပ်ဉီးဇော်ဌေး ပြောခဲ့တာမှတ်မိကြမယ် ထင်တယ်။ ရခိုင်ပြည်နယ်ရှိဖြစ်စဉ်များနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရ်ှဘက်ကို ထွက်ပြေးသွားသူများနဲ့ပတ်သက်လို့ NGO အဖွဲ့တွေက မြန်မာနိုင်ငံ အတွင်း ပြန်လည်ဝင်ရောက်ခြင်းမပြုရန် တားဆီးမှုတွေ ရှိနေတာတွေ့ရတယ်လို့ ပြောကြားခဲ့တယ်။

ပြောချင်တာက အဲမှာရှိတဲ့ NGO တွေကမပြန်ဘူး။ ဒုက္ခသည်တွေကိုလည်းမပြန်ဖို့ ပြောကြားတယ်။ တရားဝင် သတင်းတွေထဲလည်း ပါတယ်။ သူတို့က ဘာလုပ်မလဲဆိုတော့ စီးပွားရေးတွေ အများကြီးလုပ်မယ်။ ဒုက္ခသည်တွေ အကြောင်းပြပြီး စားဖို့သောက်ဖို့အတွက် စားနပ်ရိက္ခာတင်သွင်းရောင်းချတာမျိုး Supply side အများကြီးဖြစ်တယ်။ ဒုက္ခသည်တွေမပြန်မှ သူတို့ပရောဂျက်တွေ ကြာကြာလုပ်ရမယ်။ ၂၀၂၁/၂၂ မြန်မာ့ပြည်တွင်း ပဋိပက္ခပြဿနာတွေလည်း ပိုမိုဆိုးရွားလာအောင် အနောက်အုပ်စုက ဖန်တီးပြီး ပြည်တွင်း၊ ပြည်ပအလှူခံလုပ်စားမယ့် အဖွဲ့တွေကစောင့်နေတာ။ ဒါကိုအကြောင်းပြပြီး သူတို့ကရုံးခန်းအတွက် အဆောက်အဦးတွေဌားမယ်။ ကားတွေဝယ်မယ်။ ကူညီကယ်ဆယ်ရေးအတွက် လှူဒါန်းပေးတဲ့ရံပုံငွေများထဲမှ ထုတ်ယူပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုလို့ရမှာ ဒုက္ခသည်ကတော့ ဒုက္ခသည်ပါပဲ။ လတ်တလော ဖန်တီးမှုတွေက မြန်မာပြည်သူတွေကို အကြပ်တည်းမျိုးစုံဖြစ်စေတယ်။ ပြည်တွင်း/ပြည်ပ ဒုက္ခသည်အဖြစ်နဲ့ စောင့်မျှော်နေသူတွေ အများအပြားမရှိဘူးလို့ ဘယ်သူပြောနိူင်မလဲ။ မျောက်ပြဆန်တောင်းနေတာကို ၁၃၅ မျိုးသော တိုင်းသူပြည်သားတွေ နားလည် သဘောပေါက်ဖို့လိုတယ်။ အဘက်ဘက်က နိမ့်ကျနေတဲ့ တိုင်းပြည်နိုင်ငံတော်အား ပြန်လည်ကယ်တင်ရန်မှာ အလွန်ခက်ခဲတဲ့ လုပ်ငန်းစဉ်ဖြစ်သလို ပြန်လည်တည်ငြိမ်အေးချမ်းမှ ပြည်သူအယောက်တိုင်းစီရဲ့ လူမှုဘဝ (စားဝတ်နေရေး) ရပ်တည်ရေးက ပုံမှန်လည်ပတ်နိူင်မှာမို့ မြန်မာ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။

အစိုးရဘက်ကလည်း ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရာမှာ ဦးတည်ချက်ကောင်းနေရုံနဲ့ မရသလို အကောင်အထည် ဖေါ်ပေးရမယ့် အုပ်ချုပ်ရေးအဖွဲ့ကလည်း ကောင်းမွန်နေဖို့လိုတယ်။ အစိုးရမူဝါဒများကို ဖေါ်ဆောင်ရာမှာ သက်ဆိုင်ရာ အချို့တာဝန်ရှိတွေရဲ့ အရိုးစွဲနေတဲ့စိတ်၊ စနစ်ကောင်းတွေကို မပြုပြင်နိူင်ရင်၊ ခြိမ်းခြောက်မှုတွေ၊ အဂတိတရားလိုက်စားတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေက အစိုးရတိုင်းရဲ့ပုံရိပ်ကို ဆိုးဝါးစွာ ထိခိုက်စေနိူင်တယ်။ သက်ဆိုင်ရာ တာဝန်ယူထားတဲ့ သူတိုင်းက ပြည်သူအတွက်ကောင်းမွန်တဲ့ ပေါင်းကူးတံတား ဖြစ်သင့်တယ်။ နိုင်ငံသားတိုင်းရဲ့ အကျိုးဖြစ်ထွန်းစေမည့် အသိပညာပေးတွေ ကျယ်ပြန့် ထိရောက်အောင် လုပ်ဆောင်ပေးဖို့လိုတယ်။ ဒါမှတိုင်းသူပြည်သားတွေ စိတ်ချမ်းသာမှာ။

သတင်းအချက်အလက်တွေ အချိန်နဲ့ အမျှ ပြန့်နှံ့လွယ်တဲ့ ယနေ့အချိန်ကာလမှာ လူတိုင်းက မိမိကိုယ်ပိုင် အသိပညာ၊ ဉာဏ်ပညာကို အသုံးပြုပြီး၊ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန်နဲ့ တရားမျှတမှုရှိ မရှိတို့ကို ဝေဖန်ပိုင်းခြား ဆင်ခြင် သုံးသပ်နိုင်ရမယ်။ အခြားသူက ပြောတဲ့ စကားကိုသာ မှီခိုနေရရင် အန္တရာယ်ကြီးတယ်။ အခန့်မသင့်ရင် သူ့ဘဝသာမက အခြားသူတွေဘဝပါ ပျက်စီးခြင်းအထိ ရောက်ရှိ သွားနိူင်တယ်။ ဆိုလိုတာက စိတ်ကောင်း စေတနာကောင်း မရှိပဲ၊ ပညာတတ်ထားတဲ့ လူအချို့ဟာ၊ မတရားမှုကို ရှေ့နေ လိုက်နေလို့ပါ။

နောက်တစ်ခုက အများပြောနေတဲ့ကျောင်းပညာရေး ကျောင်းတက်တာက စာရေးတတ်၊ ဖတ်တတ်၊ စကားပြောဆိုတတ်ဖို့သင်ယူတာ ဒါမှကိုယ်ကသူတစ်ပါးနားလည်အောင် ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်မယ်။ နောက်တဆင့်တက်ရင် ဘဝရှင်သန်ရပ်တည်နိူင်ရေးအတွက် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိူင်အောင် ဗဟုသုတစာပေတွေ လေ့လာဆည်းပူးနိူင်တယ်။ စဉ်းစားတွေးခေါ်နိူင်မယ်။ အသိပညာတွေ ကြွယ်ဝလာမှ တီထွင်ဆန်းသစ်မှုနည်းပညာတွေလုပ်နိူင်မှာ။ အနိမ့်ဆုံး ပန်ရံလက်သမားဖြစ်ဖြစ် ဘာပဲလုပ်လုပ် စဉ်းစား တွေးခေါ်တွက်ချက်မှု အသိတရားမပါရင် ဘယ်လုပ်ငန်းမှ မအောင်မြင်နိူင်ဘူး။ ဒါကြောင့်စာသင်တာ။ စာဖတ်တတ်ပြီး စာမဖတ်ရင်၊ စာမတတ်သူနဲ့ မသိတာ၊ မတတ်တာအတူတူပဲ။ စာထူးချွန်သူတွေက ထူးချွန်တဲ့စာပေ အသိပညာရပ်နဲ့ ဘဝကိုရပ်တည်တယ်။ စာမထူးချွန်သူတွေလည်း သူသိသလောက်ပညာနဲ့ ရပ်တည်ရတယ်။ ဝင်ငွေ၊ အရည်အချင်းနဲ့ အရာရောက်မှုတော့ ကွာနိူင်တယ်။ ဆရာ မပြနည်းမကျဆိုသလို စာဖတ်တတ်ပြီး စာမဖတ်ရင်၊ လက်တွေ့နယ်ပယ်မှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာကောင်းမရှိရင် တချို့ကိုယ်စားမယ့်ထ္မင်း၊ ဟင်းတောင် မချက်တတ်ဘူး။ နှစ်ပေါင်းများစွာ တိုင်းပြည်နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် ဆင်းရဲမှုဒုက္ခမျိုးစုံရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ အလုပ်လုပ်ရတဲ့ ကလေးတွေရဲ့ ကျောင်းတက်ရောက်မှုက နိမ့်ကျနေတယ်။ မှတ်မိတဲ့ အခြေခံကိန်းဂဏန်းတွေအရ ၁၀ နှစ်အရွယ် အလုပ်လုပ်နေရတဲ့ကလေး ၈၂ ရာခိုင်နှုန်းနဲ့ ၁၂ နှစ်အရွယ် အလုပ်လုပ်နေရတဲ့ကလေး ၉၁ ရာခိုင်နှုန်းက လုံးဝကျောင်းမနေဘူးသူတွေ ဖြစ်ကြောင်း သိရတယ်။ ကိုဗစ်နဲ့ ပြည်တွင်းပြဿနာတွေ ထပ်ဖြစ်တော့ ပိုဆိုးတာပေါ့။ စာပေပညာမြင့်မှ လူမျိုးမြင့်မယ်။ လူမျိုးမြင့်မှ တိုင်းပြည်နိုင်ငံတော် တင့်တယ်မှာ။ သန်းခေါင်စာရင်းရလဒ်တွေအရ မြန်မာနိုင်ငံရဲ့လုပ်သားအင်အားစုက လူငယ်လူရွယ်များစွာပါဝင်ပြီး၊ အမျိုးသမီးများထက် အမျိုးသားပါဝင်မှု ပိုများတယ်။ အသက် ၁၅ နှစ်နဲ့ ၆၅ နှစ်ကြားအုပ်စုမှာ အမျိုးသား လုပ်သားအင်အား ၈၆ ရာခိုင်နှုန်းနဲ့ အမျိုးသမီးလုပ်သားအင်အား ၅၁ ရာခိုင်နှုန်းရှိတယ်။ ယခုထုတ်ပြန်ထားတဲ့ လုပ်သားအင်အားအကြောင်းအရာ အသေးစိတ်သုတေသနစာတမ်းမှာ လုပ်သားအင်အားပါဝင်မှု၊ လုပ်သား ဈေးကွက်အခြေအနေနဲ့ အလုပ်လက်မဲ့အခြေအနေတွေကို အသေးစိတ်လေ့လာဆန်းစစ်လေ့လာနိူင်တယ်” ဟု လေ့လာသုံးသပ်သူများက ပြောသည်။

လတ်တလော ပြည်တွင်းပြဿနာကြောင့် မြန်မာနိုင်ငံတွင် အလုပ်အကိုင်၊ အခွင့်အလမ်းနှင့် ကျွမ်းကျင် လုပ်သားရှားပါးမှုသည် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။ အာစီယံနိုင်ငံများအနက် ရွေ့ပြောင်းလုပ်သား များပြားမှုနူန်းမှာ အမြင့်ဆုံးဖြစ်နေကြောင်း အလုပ်သမားရေးဆိုင်ရာ ကျွမ်းကျင်သူများထံမှ သိရသည်။ မြန်မာနိုင်ငံတွင် လုပ်ခလစာသက်သာသည့် နိုင်ငံသားများအစား ဈေးနူန်းကြီးမြင့်သည့် အိမ်နီးချင်းနိုင်ငံက ကျွမ်းကျင်လုပ်သားများမှ နေရာယူလာကြောင်း သိရသည်။ အများစုမှာ ကျေးလက်ဒေသများတွင် ရာသီအလိုက် စိုက်ပျိုးရေး လုပ်ကိုင်ကြသူများဖြစ်ပြီး လစဉ်ပုံမှန်ဝင်ငွေ မရှိသည့်အတွက် ပုံမှန်ဝင်ငွေရရှိသော မြို့ကြီးများရှိ စက်ရုံ၊ အလုပ်ရုံကြီးများဆီသို့ အလုပ်သမားများ အဖြစ်ကူးပြောင်းလာကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီးတွင် နေထိုင်ကြသည့် စုစုပေါင်း လူဉီးရေ၏ ၄၂ ဒသမ ၃ ရာခိုင်နှုန်းမှာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှပြောင်းရွှေ့လာသူများဖြစ်ကြပြီး ၂၆ ရာခိုင်နှုန်းမှာ အလုပ်အကိုင် ကြောင့် ရွှေ့ပြောင်းသွားလာခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏ စစ်တမ်းများက ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ငါးလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၃၀ ကျော် ဝင်ရောက်လာခဲ့ကြောင်း သတင်းများအရ သိရသည့်။ အဆိုပါ ရင်းနှီးမြှပ်နှံမှုအားလုံးထဲတွင် အာဆီယံနိုင်ငံများမှ အမေရိကန်ဒေါ်လာ ၂၈၅ သန်းကျော်ဖြင့် အများဆုံးဝင်ရောက်လာခဲ့ပြီး နိုင်ငံများအနေဖြင့် စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၇၇ သန်းကျော်ဖြင့် အများဆုံး၊ တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၁၈ သန်းကျော်ဖြင့် ဒုတိယအများဆုံးဝင်ရောက်ခဲ့သည်။ အာဆီယံနိုင်ငံများမှ ထိုင်းနှင့် မလေးရှားတို့မှ အမေရိကန်ဒေါ်လာ ခုနှစ်သန်းနဲ့ အမေရိကန် သုံးသိန်းကျော်၊ ဂျပန်နိုင်ငံမှအမေရိကန်ဒေါ်လာ တစ်သန်းကျော်၊ ဥရောပသမဂ္ဂအဖွဲ့ဝင် နယ်သာလန်နိုင်ငံမှ အမေရိကန် ဒေါ်လာ လေးသန်း၊ ပြင်သစ်နိုင်ငံမှ အမေရိကန်ဒေါ်လာ လေးသိန်းကျော်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက်သာ လာရောက်ရင်းနှီးမြှပ်နှံကြပြီး အီးယူနိုင်ငံများမှပင် ပထမဆုံး ရင်းနှီးမြှုပ်နှံမှုများ စတင်ပြန်လည်ဝင်ရောက်လာခဲ့သည်။ သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်‌ငွေ့၊ အိမ်ခြံမြေ၊ စက်မှုဇုန်များ စသည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခြင်း လုံးဝမရှိကြောင်း သိရသည်။

“အဓိကကတော့ တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းမှ စီးပွားရေးအလုပ်အကိုင်နဲ့ဝင်ငွေ အခွင့်အလမ်းတွေ ပုံမှန်လည်ပတ်လာမှာ။ ဒါမှ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ များလာမယ်။ တကယ်ကျွမ်းကျင်တဲ့ လုပ်သားတွေရှိလာမယ်ဆိုရင် ရွေ့ပြောင်းမှုတွေ လျှော့ကျသွားမယ်။ ပြည်ပရောက်နေတဲ့ တကယ့်လုပ်ငန်း ကျွမ်းကျင်သူတွေကို ပြန်ပြီးဖိတ်ခေါ်ပါတယ်။ ပြည်ပရောက်နေတဲ့မြန်မာတွေအတွက် ပြည်တွင်းမှာ ပြန်လုပ်နိူင်မယ့် အလုပ်တွေရှိနေပါပြီ။ ကျွမ်းကျင်လုပ်သားတွေ ရှိလာဖို့ကတော့ ရေတို ရေရှည်စီမံကိန်းတွေ ချပြီး ဆောင်ရွက်ရမယ့်အခြေအနေရှိပါတယ်။ တစ်ဖက်ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနဲ့ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုတွေက အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနေသော်လည်း အလုပ်အကိုင် အခွင့်အလမ်းနဲ့ ကျွမ်းကျင်လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းပေးနိူင်ခြင်း မရှိသေးတာကြောင့် ရွေ့ပြောင်း လုပ်သားပြဿနာက ပိုမိုကြီးထွားလာဖွယ်ရှိတယ်။ လူ့စွမ်းအားအရင်းအမြစ်ကို ကောင်းကောင်းအသုံးချပြီး ပို့ကုန်ဦးစားပေး ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ လုပ်အားအခြေခံကုန်ထုတ်လုပ်မှုတွေ၊ လက်ရှိအနေအထားထက် နိုင်ငံခြားရင်းနှီးမှုတွေ ပိုများလာရင် မြန်မာစီးပွားရေးအတွက် အလားအလာကောင်းတွေ ဖြစ်လာနိူင်တယ်” ဟု စီးပွားရေးပညာရှင်များက ဆိုသည်။

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံ၍ မှီခိုလုပ်ကိုင်နေရပြီး လုပ်သားအင်အားစုတွင်ပါဝင်သူ ၄၀ ရာခိုင်နူန်းကျော်သည် လယ်ယာ၊ သစ်တောနှင့်ငါးလုပ်ငန်း ကျွမ်းကျင်သူများဖြစ်ကြသည်။ လယ်ယာ၊ သစ်တောနှင့် ငါးလုပ်ငန်းကဏ္ဍတွင် လုပ်ကိုင်သူအများစုသည် ဆင်းရဲသူများဖြစ်ပြီး ရာခိုင်နူန်းအနည်းငယ်သာ ကြွယ်ဝချမ်းသာသည့် အိမ်ထောင်စုများတွင် ပါဝင်ကြသည်။ မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ အခြေအနေသည် လူငယ်လူရွယ်အများစုတွင် အမြင့်မားဆုံးဖြစ်ပြီး အသက်၂၀ နှင့်၂၄ အကြားတွင် မြို့ပြလူဦးရေ၏ ၈ ရာခိုင်နူန်းသည် အလုပ်လက်မဲ့များဖြစ်ကြသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များအကြား အလုပ်လက်မဲ့နူန်း ကွာခြားချက်မြင့်မားနေပြီး ရခိုင်ပြည်နယ်တွင်လူ ၁၀ ဦးလျှင်တစ်ဦးနူန်းအမြင့်ဆုံးဖြစ်ပြီး ရှမ်းပြည်နယ်တွင် လူ ၅၀ လျှင် တစ်ဦးနူန်းဖြင့် အနိမ့်ဆုံးဖြစ်ကြောင်း ကြားဖြတ်သန်းခေါင်စာရင်းအရ သိရသည်။

“အမှန်တရားဆိုတာ လူတိုင်းလက်ခံရမယ့် အလုပ်ဖြစ်တယ်။ တကယ်ချစ်ရင် အမှန်တရားကိုပြောပေးပါ။ မီဒီယာတွေလည်း တိုင်းပြည်နိုင်ငံတော်ကို တကယ်ချစ်ရင် အမှန်တရားကို ပြောပေးပါ။ ပြည်သူတွေကို အမှန်တရားချပြပေးပါ။ ပြည်သူတွေဒုက္ခရောက်အောင် အဆိပ်ခပ်တဲ့သတင်းတွေအစား ပြည်သူလူထု အကျိုးစီးပွားအတွက် ကဏ္ဍအလိုက် အပြုသဘောဆောင်တဲ့ သတင်းတွေကို ဖေါ်ပြပေးသင့်တယ်။ ဒါမှပြည်သူကိုချစ်ရာရောက်မယ်။ ချစ်ရာရောက်အောင်လည်း လုပ်စေချင်တယ်။ ဒါမှလည်း အပြန်အလှန် အကျိုးပြုနိူင်တယ်။ တိုင်းပြည်နိုင်ငံတော်နဲ့ လူထုအကျိုးစီးပွားကိုမကြည့်ပဲ အစိုးရတစ်ရပ်၊ လူပုဂ္ဂိုလ်တစ်ယောက်အပေါ် ကြည့်ပြီး လိုရာဖေါ်ပြနေရင် တိုင်းပြည်နိုင်ငံအတွက် အကျိုးမဲ့စေသလို လူထုကိုလည်း ဒုက္ခရောက်စေတယ်။ ယနေ့ဆိုရှယ်မီဒီယာပေါ်က သတင်းအမှားတွေကြောင့် ရဟန်းရှင်လူ၊ ပြည်သူအပေါင်း ကိုယ်စိတ်နှလုံး ပူပန်နေရတာ အားလုံးအသိပါ။ အဓီကပြဿနာရဲ့ရင်းမြစ်ကို အမှန်တကယ် ခွဲခြားသိတတ်ဖို့လိုသလို အခြေခံလူမှုဘဝတွေ မကြပ်တည်းအောင် စောင့်ထိန်းပေးတတ်ဖို့လိုတယ်။

မီးလောင်ရာလေပင့် ဆိုသလို သတင်းအမှားတွေကြောင့် တိုင်းပြည်နိုင်ငံက ဖွံ့ဖြိုးတိုးတက်မလာပဲ တိုင်းသူပြည်သားတွေက ကျဆင်းလာတဲ့စီးပွားရေးနဲ့အတူ ကိုယ်စိတ်နှစ်ပါး ဆင်းရဲနေရတယ်။ အစိုးရနဲ့ EAOs တွေစိုးရိမ်ပူပန်သလို၊ ပြည်သူတွေကလည်း စိုးရိမ်ပူပန်နေတယ်။ တိုင်းပြည်နိုင်ငံရဲ့စီးပွားရေး ကျဆင်းပြီး ဆင်းရဲတွင်းထဲနစ်နေတယ်။ ကမ္ဘာ့အဆင့်မီဖို့ ငြိမ်းချမ်းမှဖြစ်မယ်။ အချို့ကငြိမ်းချမ်းရေးကို မလိုလားဘူး။ ငွေကြေးနဲ့သြဇာရှိသူ အချို့ပေါ့။ ပြည်တွင်းငြိမ်းချမ်းရေးကြောင့် အာဏာလက်လွတ်ဖြစ်သွားမှာစိုးသလို စည်းစိမ်တွေ ဆုံးရှုံးသွားမှာလည်းစိုးတယ်။ ဒါကြောင့် လူတစ်စုက ငြိမ်းချမ်းရေးကို မလိုလားဘူး။ အချင်းချင်း ယုံကြည်မှုတည်ဆောက်လို့မရအောင် ရတဲ့နည်းနဲ့ဖျက်ဆီးလာခဲ့တာ နှစ်ပေါင်း ၇၀ ကျော်လာခဲ့ပြီး။ ပြည်တွင်းငြိမ်းချမ်းရေးပျက်ပြားပြီး အစိုးရအဆက်ဆက် အခက်အခဲကြုံရအောင် တတိယအဖွဲ့အစည်းတစ်ခု (Third Party)က လုပ်နေတယ်ဆိုတာကို သတိထားရမယ်။ ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင်မြင်ဖို့ ခက်ခဲနေတာ။ ဒါကို တိုင်းသူပြည်သားအားလုံး နားလည်သဘောပေါက်သလို ပြည်တွင်းငြိမ်းချမ်းရေး အတွက် အားလုံးပါဝင်သင့်တယ်။

တကယ်တွေးကြည်ရင် မျိုးဆက်သစ်အနာဂတ် လူငယ်များအတွက်သာမက တိုင်းပြည်နိုင်ငံအတွက်ပါ ရင်လေးစရာကောင်းသလို ဝမ်းနည်းစရာလည်းကောင်းတယ်။ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ နေချင်သလိုနေကြပြီး အချင်းချင်းစိတ်ဝမ်းကွဲ၊ အပြစ်တင်၊ အပြစ်မြင်ပြီး မချစ်ခင်နိူင်ပဲ တစ်အိမ်ထဲအတူနေ နိုင်ငံသားအချင်းချင်း သွေးကွဲ၊ ဆဲဆိုနေကြမယ့်အစား တောင်ကိုရီးယားလို၊ ဗီယက်နမ်လို အမျိုးသားရေးစိတ်ဓါတ်နဲ့ ကုန်းရုန်းထပြီး တိုင်းပြည်နိုင်ငံတော်ကို ပြန်လည်ထူထောင်မယ်ဆိုရင်၊ နာစရာတွေကို လွမ်းစရာတွေနဲ့ဖို့ပြီး အတိတ်က အမှားတွေကို သင်ခန်းစာယူ၊ သင်ပုန်းချေပြီး အတူလက်တွဲ ခရီးဆက်မယ်ဆိုရင် နိုင်ငံတကာမှာ နည်းပညာ အသစ်အဆန်းတွေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတဲ့နိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိူင်တယ်။ ဆင်းရဲတွင်း နက်နေချိန်မှာ တိုင်းသူပြည်သားတွေက ညီညီညွတ်ညွတ်နဲ့ ရုန်းထွက်ရမယ့်အစား အညီမညွတ်နဲ့ ရန်ဆက်ဖြစ်နေကြရင် နောင်နှစ်ပေါင်းများစွာကြာလည်း အိမ်နီးချင်း လောနိုင်ငံကို အမီလိုက်နိူင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာတွေ ဖြစ်လာတယ်´´ဟု သုံးသပ်သူများက ဆိုသည်။

အစိုးရ အဆက်ဆက်သည် ရဟန်းရှင်လူပြည်သူများအပေါ် အင်္ဂလိပ်နယ်ချဲ့ ကိုလိုနီအုပ်ချုပ်ရေး အတွေးအခေါ် များနှင့် ယနေ့အချိန်အထိ “ဌာနအစွဲကြီးစနစ်” ကျင့်သုံးဆောင်ရွက်လျက်ရှိနေသည်။ အဆိုပါစနစ်သည် အင်စတီကျူးရှင်းများ ရှင်သန် ခိုင်မာအားကောင်း သန်မာလာစေရေးကို နှောင့်ယှက် ဖျက်ဆီး လျက်ရှိနေသည်။ အထူးသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူ အများစုသည် ၎င်းတို့ဆောင်ရွက်နေကျ အလုပ်မှလွဲ၍ အခြား အလုပ်နှင့်သက်ဆိုင်သည့် မည်သည့်အလုပ်ကိုမျှ စိတ်ဝင်စားခြင်းမရှိပဲ လုပ်ထုံးလုပ်နည်းများကို တစ်ကြောင်းစွဲ လှေနံဓားထစ် အမှန်ယူပြီး အလုပ်အတွက် အသက်ရှင်ရပ်တည်နိုင်ရန် ကြိုးပမ်း အားထုတ်နေကြသည်။

နိဂုံးချုပ်အနေဖြင့် လတ်တလော အဖြစ်အပျက်များသည် တိုင်းသူပြည်သားများအတွက် သာမက တိုင်းပြည်နိုင်ငံ အတွက်ပါ အန္တရာယ်ကြီးမားသည့် သတင်းအတု သတင်းအမှားများကို network များဖွဲ့စည်းပြီး လူထုရဲ့အမြင်သဘောထားများ ပြောင်းလဲအောင် ဆောင်ရွက်ရန် နောက်ကွယ်မှ ကြောက်စရာကောင်းသည့် ငွေကြေးပမာဏများ ဖြန့်ဝေနေသူလက်မဲကြီးများရှိကြောင်းကို လူထုက ဆိုရှယ်မီဒီယာပေါ်မှတဆင့် အချိန်ကာလတစ်နှစ်ကျော်ကြာလာသောအခါ သဘောပေါက်နားလည်ခဲ့ကြသည်။

(ပိုမိုသိရှိရန် ဖေါ်ပြပြီးသော သတင်းဆောင်းပါးများကို လေ့လာနိူင်သည်)
ကိုးကား – အသိ/အတတ်ပညာရှင်များနှင့် ပြည်တွင်း/ပြည်ပသတင်းများ
မိုးမြင့်မောင်

(ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။