Trending Now

မြေစာပင် ပြည်သူများ

Spread the love

မြေစာပင် ပြည်သူများ

EPN
ဆောင်းပါး၊ ဇူလိုင်လ ၂၀ ရက်။

ကျွဲနှစ်ကောင်ခတ်ကြတဲ့အချိန်မှာ ပျက်စီးဆုံးရှုံးမှု အများဆုံးနဲ့ သေကြေပျက်စီးရတာကတော့ မြေစာပင်တွေပဲ ဖြစ်ကြပါတယ်။ မည်သည့်ကျွဲက နိုင်သည်ဖြစ်စေ၊ မည်သည့်ကျွဲက ရှုံးသည်ဖြစ်စေ ပြန်လည်ဆောက်တည်မရအောင် ပျက်စီးဆုံးရှုံးရတာကတော့ မြေစာပင်တွေပဲ ဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့တွေရဲ့ ပဋိပက္ခတွေကြောင့် တိုက်ပွဲတွေ ဖြစ်ပွားတဲ့အခါ ကြားထဲကနေ သေကြေပျက်စီး ဆုံးရှုံးရတာကလည်း မြေစာပင် ပြည်သူတွေပဲဖြစ်ပါတယ်။ အသက်အိုးအိမ်၊ စည်းစိမ်တွေသာမက မိသားစုဘဝတွေပါ ပျက်စီးဆုံးရှုံး ရပါတယ်။ မိမိအရပ်ဒေသကို စွန့်ခွာပြီး နေရာသစ်ဖြစ်တဲ့ စစ်ဘေးရှောင်စခန်းတွေမှာ အားငယ်စွာနဲ့ အလှူရှင်တွေရဲ့ မျက်နှာကိုကြည့်ပြီး ရပ်တည်ရတဲ့ဘဝဟာ အင်မတန်မှ သနားစရာ ကောင်းလှပါတယ်။ အဖေ၊ အမေ ခေါ်စရာမရှိတဲ့ မိဘမဲ့ကလေးတွေလည်း ဘယ်လောက်အထိ များပြားနေမလဲဆိုတာ တွေးကြည့်ရမှာတောင် စိုးရွံ့မိလှပါတယ်။ စစ်မီးတောက်ပြီဆိုရင် အများဆုံးပေးဆပ်ရတာကတော့ ပြည်သူတွေပါပဲ။

ဆယ်စုနှစ်တစ်ခု စစ်ဘေးရှောင်ခဲ့ရပြီး အေးချမ်းသလိုရှိလို့ ဒေသကိုပြန်တာ လပိုင်းလောက်ပဲရှိသေး စစ်ပွဲတွေပြန်ဖြစ်တော့ နောက်တစ်ခါထပ်ပြီးစစ်ဘေးရှောင်စခန်းကို ထပ်ပြေးရတဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနား – လိုင်ဇာ သွား ကားလမ်းပေါ်ရှိတဲ့ နန့်ဆန်ရန်ကျေးရွာက ရွာသူ၊ ရွားသားတွေရဲ့ အဖြစ်ဆိုရင်လဲ အင်မတန်မှ ဆိုးဝါးလှပါတယ်။ သတင်းတစ်ခုမှာ ဖတ်မိတော့ ” ပြန်ရောက်ပြီး အိမ်တောင်မဆောက်ရသေးပါဘူး။ မိုးပြာလေးမိုးပြီး နေရတုန်းရှိသေးတယ် အခုလိုတိုက်ပွဲတွေ ပြန်ဖြစ်တော့ ကျွန်တော်တို့ပြည်သူတွေ ဘယ်လိုလုပ်ရမလဲဗျာ ” ဆိုတဲ့ ရွာသားတစ်ဦးက ရင်ဖွင့်ထားတာပါ။ ဆက်နေရင်လဲ တိုက်ပွဲဲတွေကြားထဲမှာ အသက်အန္တရာယ်ကို စိုးရိမ်နေရသလို၊ စစ်ဘေးရှောင်စခန်းဆိုတာကြီးကိုလည်း ထပ်ပြီးမရောက်လိုတဲ့ ကျေးရွာသူ၊ ရွာသားတွေအတွက်ကတော့ တကယ့်ကိုဆင်းရဲပင်ပန်းလွန်းအားကြီးပါတယ်။

တိုက်ပွဲတစ်ခု ဖြစ်ပွားပြီဆိုတာနဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဆုံးရှုံးရရုံတင်မကပါဘူး။ ရင်ခွင်မဲ့ခဲ့ရတဲ့ သားသမီးတွေ၊ ပညာရေးဆုံးရှုံးရတဲ့ ကလေးငယ်တွေ အစရှိတဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးတွေကိုပါ ဆုံးရှုံးရတာပဲ ဖြစ်ပါတယ်။ ကိုယ့်အရပ်၊ ကိုယ့်ဒေသမှာ အေးချမ်းစွာနေလို့တဲ့ ပြည်သူတွေကတော့ မည်သူမဆို စစ်ပွဲကို မလိုလားကြပါဘူး။

တိုက်ပဲဲဖြစ်ပွားပြီဆိုတာနဲ့ တိုက်ပဲွဲဖြစ်ပွားရာ နေရာတစ်ခုတင် ထိခိုက်ဆုံးရှုံးရတာ မဟုတ်ပါဘူး။ တိုက်ပဲွဲဖြစ်ပွားရာ ဒေသတစ်ခုလုံးကတော့ အနည်းနဲ့အများ ထိခိုက်ဆုံးရှုံးမှုတွေကို ကြုံတွေ့ရတာပါ။ တိုက်ပဲွဲဖြစ်ပွားတာကြောင့် ဒေသတစ်ခုလုံးရဲ့ ပညာရေးကဏ္ဍတွေ ထိုခိုက်ပျက်စီးမယ်၊ ကျန်းမာရေးတွေ ထိခိုက်ပျက်စီးမယ်၊ လူမှုရေးကဏ္ဍတွေ ထိခိုက်ဆုံးရှုံးမယ်၊ လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ထားတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေ ပျက်စီးပြီး ကုန်စျေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ပြည်သူတွေခံစားရမှာဘဲ ဖြစ်ပါတယ်။

ကုန်စျေးနှုန်း ကြီးမြင့်မှုကလည်း လူတန်းစားတစ်ရပ်အတွက် သိပ်မထိခိုက်ပေမယ့် အခြေခံလူတန်းစားတွေအတွက် လက်ရှိကုန်စျေးနှုန်းက တစ်နေ့ထမင်းနှစ်နပ်တောင် အနိုင်နိုင် ဖြစ်နေကြရတာပါ။ ဒီရက်ပိုင်းမှာဆိုရင် ကုန်စျေးနှုန်းတွေ မြင့်တက်လာမှုက နေ့စဥ်ရက်ဆက်သလို ဖြစ်နေတာပါ။ အခြေခံလူတန်းစားတွေစားတဲ့ ငွေတိုးဆန်တစ်အိတ်ကို ကျပ်နှစ်သိန်းဝန်းကျင်အထိ မြင့်တက်လာတာကြောင့် နေ့စားအလုပ်သမားတွေ၊ အခြေခံ လခစားဝန်ထမ်းတွေအတွက် ဒီပမာဏဟာ ကြောက်စရာအိမ်မက်ဆိုး တစ်ခုလို့တောင် ပြောလို့ရပါတယ်။

ဒီလို ကုန်စျေးနှုန်း ကြီးမြင့်မှုက စစ်ဘေးရှောင်စခန်းနေ စစ်ဘေးရှောင်ပြည်သူတွေကိုလည်း ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်စေပါတယ်။ ” ကုန်စျေးနှုန်းတွေ မြင့်လာတဲ့အတွက် စစ်ဘေးရှောင်စခန်းတွေကို လာရောက်လှူဒါန်းတဲ့ အလှူရှင်တွေ မနှစ်ကထက်စာရင် ဒီနှစ်တော်တော်လေးနည်းသွားတယ် ” တိုက်ပွဲရှောင်စခန်းရဲ့ တာဝန်ခံတစ်ဦး ပြောပြခဲ့တာကို ခုထိမှတ်မိ နေပါသေးတယ်။ ကုန်စျေးနှုန်း မြင့်မားမှုတွေကြောင့် စစ်ဘေးရှောင်စခန်းက ပြည်သူတွေလည်း စားဝတ်နေရေးအတွက် ကြိုးစားရုံးကန်နေရပါတယ်။ ကိုယ့်အရပ်၊ ကိုယ့်ဒေသ မဟုတ်တဲ့အတွက် စားဝတ်နေရေးကို ဖြေရှင်းဖို့ တော်တော်လေးကို ဒုက္ခရောက်ကြရပါတယ်။

ပြည်သူတွေအနေနဲ့က ကိုဗစ် – ၁၉ ရောဂါစဖြစ်တဲ့အချိန်ကတည်းက စားဝတ်နေရေး ကြပ်တည်းမှုတွေ၊ အလုပ်အကိုင် ရှားပါးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ဒီ့နောက်ပိုင်း နိုင်ငံရေး ပဋိပက္ခတွေ ဖြစ်လာတဲ့အချိန်မှာတော့ ပြည်သူတွေအတွက် ဆင်းရဲတွင်းက နက်သထက်ပိုပိုပြီး နက်လာပါတယ်။ စားဝတ်နေရေး ကြပ်တည်းမှုတွေကြောင့် ထွက်ပေါက်ရှာရာကနေ ဒုစရိုက်မှုတွေ ဖြစ်လာသလို၊ မတော်ဝိသမ လောဘသားတွေဖြစ်တဲ့ ဒုစရိုက်သမားတွေ၊ မူးယစ်ကျေးကျွန်တွေကြောင့်လည်း ဒုစရိုက်မှုတွေ နေ့စဥ်နဲ့အမျှတိုးပွားလာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အခုအချိန်မှာ ပြည်သူတွေခေါင်းပြားအောင်အိပ်ဖို့ဆိုတာ အလွန်အင်မတန်မှ ခက်ခဲတဲ့ အခြေအနေ ဖြစ်နေပါပြီ။ ဒီလိုအခြေအနေမျိုးမှာ တိုက်ပဲွဲဖြစ်ပွားရာ ဒေသကပြည်သူတွေဆိုရင် ဆိုဖွယ်ရာတောင် မရှိတော့ပါဘူး။

အနှစ်ချုပ်အားဖြင့် ဆိုရရင်တော့ စစ်ပွဲကို လိုလားတဲ့ ပြည်သူဆိုတာ မရှိပါဘူး။ မည်သည့်အတွက်ကြောင့် တိုက်ပွဲဖြစ်ဖြစ် ကြားထဲက အခြေအနေ အရပ်ရပ်ကို လက်တွေ့ခံစားရတာကတော့ ပြည်သူတွေပါပဲ။ လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့လည်း ပြည်သူ့အတွက်၊ ပြည်သူ့ဆန္ဒကို အလေးထားတယ်ဆိုရင် ပြည်သူ့မျက်နှာကို ကြည့်သင့်ပါတယ်။ ရောဂါ၊ နိုင်ငံရေး ပဋိပက္ခ အခြေအနေတွေကြောင့် ပြည်သူတွေ အရူးမီးဝိုင်းသလို ခံစားနေရတာ ဖြစ်ပါတယ်။ စစ်ပွဲတွေကို မလိုလားတဲ့ ပြည်သူတွေအတွက် စစ်ပွဲတွေ ရပ်တန့်ဖို့အရေး ဆွေးနွေးတိုင်ပင် ညှိနှိုင်းအဖြေရှာကြစေဖို့ ရည်ရွယ်ရင်း ရေးသားအကြံပြု ဆုတောင်းပေးလိုက် ရပါတယ်။

Photo – Crd

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။