Trending Now

ယူကရိန်းဒေသလေးခုကို ရုရှားနဲ့ ပူးပေါင်းဖို့ ဒီသီးတင်းပတ်အတွင်း လူထုဆန္ဒခံယူပွဲလုပ်ပြီး မဲခွဲဆုံးဖြတ်မယ်

Spread the love

ယူကရိန်းဒေသလေးခုကို ရုရှားနဲ့ ပူးပေါင်းဖို့ ဒီသီးတင်းပတ်အတွင်း လူထုဆန္ဒခံယူပွဲလုပ်ပြီး မဲခွဲဆုံးဖြတ်မယ်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၁

ရုရှားထိန်းချုပ်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကို ရုရှားနိုင်ငံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဖြစ်လာဖို့ ဒီသီတင်းပတ်မှာ လူထုဆန္ဒခံယူပွဲလုပ်ပြီး စတင်မဲပေးမယ်လို့ ရုရှားထောက်ခံတဲ့ အာဏာပိုင်တွေက မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လူဟန့်ဒေသ၊ ခါဆွန်ဒေသ တွေအပြင် တစ်စိတ်တစ်ပိုင်းရုရှားထိမ်းချုပ်ထားတဲ့ ဇာပိုရီဇဟီရာ နဲ့ ဒွန်နက်စ် ဒေသတွေမှာ စက်တင်ဘာ ၂၃ ရက်နေ့ကနေ စတင်ပြီး လူထုဆန္ဒခံယူပွဲကျင်းပမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ရင်းနီးတဲ့ မဟာမိတ်တစ်ဦးက ပြောကြားခဲ့ပါတယ်။

ရုရှားကျောထောက်နောက်ခံပြုတဲ့ နယ်မြေလေးခုကို သိမ်းပိုက်ဖို့ကြိုးပမ်းမှုဟာ စစ်မြေပြင်မှာ ယူကရိန်းရဲ့ အောင်မြင်မှုတွေရရှိခဲ့ပြီးနောက် ရုရှားက စစ်ပွဲကို အရှိန်မြင့်တင်ဖို့ စီစဉ်နေတာလို့ အနောက်နိုင်ငံတွေက ဆိုပါတယ်။

ပူတင် ဦးဆောင်တဲ့ ရုရှားလုံခြုံရေးကောင်စီရဲ့ လက်ထောက်အကြီးအကဲ သမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်က ဆန္ဒခံယူပွဲပြုလုပ်ပြီးပါက ရုရှားနိုင်ငံထဲမှာ ပူးပေါင်းပါဝင်သွားတဲ့ နယ်မြေတွေကို ခုခံကာကွယ်ဖို့အတွက် ရုရှားက “ဘယ်နည်းလမ်းကိုမဆို” အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ်တုန်းကလည်း ရုရှားဟာ ယူကရိန်းရဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို တပ်ဖွဲ့ဝင်တွေ စေလွတ်ပြီး ရုရှားသိမ်းပိုက်မှုကို လမ်းခင်းပေးတဲ့ လူထုဆန္ဒပြပွဲတွေ ကျင်ပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလာမယ့် ရွေးကောက်ပွဲဟာလည်း ရုရှားထိမ်းချုပ်ထားတဲ့နယ်မြေတွေဖြစ်တဲ့အတွက် ရုရှားလမ်းစဉ်အတိုင်းသွားမှာ သေခြာနေတယ်လို့ ဆိုပါတယ်။ ယူကရိန်းကို ထောက်ခံတဲ့ ခေါင်းဆောင်တွေက တော့ ဒါဟာ တရားမဝင်ဖြစ်တယ်လို့ အလျင်အမြန်ပယ်ချခဲ့ကြပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ နှစ်ပတ်လည်ညီလာခံကို တက်ရောက်နေတဲ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ကူလီဘာက ဆန္ဒခံယူပွဲဟာ ရုရှားရဲ့ စိတ်ပျက်စရာကောင်းတဲ့ လုပ်ရပ်တစ်ခုသာဖြစ်တယ်လို့ ကုလသမဂ္ဂဌာနချုပ်မှာ သတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။

“ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်လဲ ဘာမှပြောင်းလဲမှာမဟုတ်ဘူး၊ ဒါဟာ ရုရှားအတွက် စိတ်ပျက်စရာကောင်းတဲ့ လုပ်ရပ်တစ်ခုပါ၊ ဒါပေမယ့် ဒါက သူတို့ကို ကူညီနိုင်မှာ မဟုတ်ပါဘူး။” လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံခေါင်းဆောင်တွေကတော့ ဒီနယ်မြေတွေဟာ ယူကရိန်းရဲ့ နယ်မြေတွေဖြစ်တဲ့အတွက် ရုရှားနယ်မြေအဖြစ် ဘယ်တော့မှ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ရုရှားထောက်ခံသူတစ်ဦးဖြစ်တဲ့ သမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ကတော့ “ရုရှားပိုင်နက်ကို ကျူကျော်ဝင်ရောက်လာရင်တော့ မိမိကိုယ်ကို ခုခံကာကွယ်ဖို့အတွက် ဘာကိုမဆိုအသုံးပြုရမှာပါပဲ ဒါကြောင့်ပဲ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက လူထုဆန္ဒခံယူပွဲတွေ ပြုလုပ်မှာ အရမ်းကြောက်နေကြတာပေါ့” လို့ ပြောပါတယ်။

— ကိုးကား —
အေပီ
Ref; 4 Ukrainian regions schedule votes this week to join Russia

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။