Trending Now

မတ္တရာမြို့နယ်မှာ ပစ်သတ်ခံရသူတွေများလာတဲ့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ထွက်ပြေးတိမ်းရှောင်နေ

Spread the love

မတ္တရာမြို့နယ်မှာ ပစ်သတ်ခံရသူတွေများလာတဲ့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ထွက်ပြေးတိမ်းရှောင်နေ

EPN
မတ္တရာ ၊ သြဂုတ် ၅

မန္တလေးတိုင်း ၊ ပြင်ဦးလွင်ခရိုင် ၊ မတ္တရာမြို့နယ်မှာ ပစ်သတ်ခံရတဲ့ လူသတ်မှုဖြစ်စဥ်တွေ များလာပြီးနောက်ပိုင်း ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထွေ / အုပ် ဝန်ထမ်း အသိုင်းအဝိုင်းဆီက သိရပါတယ်။

” အကြောင်းအမျိုးမျိုးနဲ့ အလုပ်ထွက်စာ တင်တာလည်း ရှိတယ် ၊ ခြိမ်းခြောက်တာတွေကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေလည်း ရှိတယ် ၊အသတ်ခံရတာတွေလည်းရှိတယ် ၊ အများစုကတော့ တိမ်းရှောင်နေရကြတာ ” လို့ ထွေ/အုပ် ဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။

ဒါ့အပြင် မတ္တရာမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာနဲ့ ပတ်သက်လို့ မြို့ခံ တယောက်က
” ဒီမနက် ၈ နာရီဝန်းကျင်က ပိုဝအုပ်စုအုပ်ချုပ်ရေးမှုး ၊ ဦးခင်ဇော် ဆိုသူ ရွာလမ်းထိပ်မှာ ပစ်သတ်ခံရတယ် ၊ဘယ်အဖွဲ့က သတ်သွားတယ်ဆိုတာ မသိရဘူး ” လို့ ပြောပါတယ်။

အဲ့ဒီအပြင် ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက် မနက်ပိုင်းကလည်း မတ္တရာမြို့နယ် ၊ ကြာပင်ကျေးရွာအုပ်စု ၊ ကြာပင်ရွာက အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နဲ့ သူ့မိန်းမ ဒေါ်အေးသင်းခိုင် တို့လင်မယား ၂ ယောက်ဟာ မတ္တရာကနေ စျေးဝယ်ပြီးအပြန် ကင်းရွာနဲ့ ကျောက်ဆည်လေးရွာ အကြားအရောက်မှာ လင်မယား ၂ ယောက်လုံး အသတ်ခံရတာ ဖြစ်ခဲ့ပါတယ်။

အဲ့ဒီအပြင် ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်မှာပဲ မတ္တရာမြို့နယ် မြောင်းသစ်ရွာက စျေးသည်လင်မယား ဦးထွန်းထွန်းနဲ့ မဖြူဖြူ တို့ လင်မယား ၂ ယောက်ဟာ ရုံပင်ကျေးရွာနားက ချောင်းမကြီး တူးမြောင်းဘေးမှာ အသတ်ခံရတာ ထပ်ဖြစ်ပါသေးတယ်။

အဲ့ဒီနောက် ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက် မနက် ၉ နာရီဝန်းကျင်က မတ္တရာမြို့ ၊ မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးမှူး ဦးသောင်းကြိုင် ဆိုသူဟာ သူ့ရုံးခန်းထဲမှာ ရုံးလုပ်ငန်းတွေ လုပ်ကိုင်နေချိန် အမည်မသိ သေနတ်သမား ၂ ယောက်က ရုံးခန်းထဲဝင်လာပြီး ဦးသောင်းကြိုင်ရဲ့ နဖူးတည့်တည့် ပစ်သတ်သွားတာ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက် မနက် ၅ နာကီဝန်းကျင်က မတ္တရာမြို့နယ် ၊ ကံပိုင်ကျေးရွာက ပြည်ခိုင်ဖြိုး ပါတီဝင် ဦးတင့်လွင်ဆိုသူဟာ မနက်ခင်း ကျန်းမာရေး စက်ဘီးစီးနေချိန် ပစ်သတ်ခံရပါသေးတယ်။

အဲ့ဒါကြောင့် မတ္တရာမြို့နယ်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြတာလို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။