Trending Now

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု ကချင်ပြည်နယ်အတွင်း ပြုလုပ်သွားမည်

Spread the love

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု ကချင်ပြည်နယ်အတွင်း ပြုလုပ်သွားမည်

EPN
မြစ်ကြီးနား ၊ နိုဝင်ဘာ၁၁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးကာ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး စုစုပေါင်း ၁၆ ရက်တာ လှုပ်ရှားမှုကိုလည်း ပြည်နယ်အတွင်း နေရာအနှံအပြားတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ (၁၆)ရက်တာကာလ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှုတွင် လူသွားလူလာများသည့် လမ်းများတွင် ဘေလ်ဘုတ်များ၊ ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု နှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲများပြုလုပ်ခြင်း၊ သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ဖဲကြိုးဖြူ (campaign) များ၊ ဒီဇင်ဘာလ (၁)ရက်နေ့ တွင် HIV ရောဂါ ကူးဆက်ခံရသူများအတွက် ဖဲကြိုးနီ (campaign) များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အဲ့ဒီ (၁၆)ရက်တာ လှုပ်ရှားမှုမှာ အားကစားနဲ့ ပတ်သက်တဲ့ အကျိုးပြု လှုပ်ရှားမှုတွေလုပ်မယ်၊ နောက်ပြီး အသိပညာပေး ဟောပြောပွဲတွေ၊ သင်တန်းတွေ ပြုလုပ်သွားမယ်၊ လမ်းတွေမှာဆိုလဲ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး ဗီနိုင်းတွေ၊ ဘေလ်ဘုတ်တွေ၊ ဆိုင်းဘုတ်တွေ စိုက်ထူသွားမယ်။ ဖဲကြိုးဖြူ ရင်ထိုးတွေနဲ့ (campaign) တွေ၊ ဒီဇင်ဘာလ (၁)ရက်နေ့ မှာ HIV ရောဂါခံစားနေရတဲ့ သူတွေ အတွက် ဖဲကြိုးနီ (campaign) တွေ ပြုလုပ်သွားမယ်၊အဲ့ဒီ (campaign) တွေကနေ လူအခွင့်အရေးတွေမှာ အမျိုးသမီးတွေအတွက် ရရှိသင့်တဲ့အခွင့်အရေးတွေ ကိုလဲ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုပြုလုပ်ရခြင်းမှာ အမျိုးသမီးများ အနေနှင့် ကျား၊မ တန်းတူ အခွင့်အရေးများရရှိရေးကို ဖော်ဆောင်လာနိုင်ရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်နိုင်ရန် အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်၍ အသိပညာပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်စေရန် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှာ ညွှန်ကြားရေးမှူးကပြောသည်။

ယခုနှစ် ကချင်ပြည်နယ် အတွင်း လာရောက်တိုင်ကြားထာသည့် အမျိုးသမီးများအပေါ်အကြမ်းဖက်ခံရသည့် ဖြစ်စဉ်အမှုပေါင်း (၄) မှု အထိရှိနေပြီး ယင်းကဲသို့ အကြမ်းဖက်မှုခံရသည့် အမျိုးသမီးများအတွက် ပြည်နယ် ကျန်းမာရေးမှ ဖွင့်လှစ်ထားပေးသည့် ဂေဟာ တစ်ခုရှိကာ ယခုနှစ်အတွင်း အမျိုးသမီး (၆) ဦး ကို ကာကွယ်စောင့်ရှောက်ပေးထားကြောင်းသိရသည်။

လာမည့် နိုဝင်ဘာလ ၂၅ ရက်နေ့သည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဖြစ်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် အသိပညာပေး ၁၆ ရက်တာ လှုံ့ဆော်မှုနှင့် လှုပ်ရှားမှု အမျိုးမျိုးကို ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ပြုလုပ်လေ့ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။