Trending Now

မြစ်ကြီးနား၊ ရမ်ပူရပ်ကွက်တွင် ဓါးဒဏ်ရာဖြင့် သေဆုံးနေသည့် လူငယ်အမျိုးသား အလောင်း တွေ့ရှိ

Spread the love

မြစ်ကြီးနား၊ ရမ်ပူရပ်ကွက်တွင် ဓါးဒဏ်ရာဖြင့် သေဆုံးနေသည့် လူငယ်အမျိုးသား အလောင်း တွေ့ရှိ

EPN
မြစ်ကြီးနား၊ ဩဂုတ် ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ(၁၀) တရုတ် ဘုံကျောင်းအရှေ့ လမ်းဘေးတွင် လူငယ်အမျိုးသား တစ်ဦး ဓါးဒဏ်ရာဖြင့် ယမန်နေ့ညက သေဆုံးနေကြောင်း သိရသည်။

အဆိုပါ လူငယ်အမျိုးသားသည်အသက် (၂၀)ခန့်ရှိပြီး ဘယ်ဘက် ရင်အုံတွင် ဓါးဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးလျက် တွေ့ရှိကြောင်း ရပ်ကွက်နေ ပြည်သူ တစ်ဦးကဆိုသည်။

“ဘယ်မှာနေလဲ ဘယ်သူလဲတော့ မသိဘူး မနေ့က ည (၁၂) နာရီလောက်မှာ ကျွန်တော်တို့ ရပ်ကွက် ရမ်ပူနယ်မြေ (၁၀) တရုတ်ဘုံကျောင်း လမ်းဘေးမှာ ဓါးဒဏ်ရာနဲ့ သေဆုံးနေတာ။ လူငယ်အရွယ်ပဲ ရန်ဖြစ်တာနဲ့ တူတယ် တာဝန်ရှိသူတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ပြည်သူ့ဆေးရုံကြီးကို ခေါ်သွားတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ရုပ်အလောင်းအား အခင်းဖြစ်ပွားရာ နေရာမှ မီတာ (၅၀) ခန့် အကွာရှိ တရုတ်ဘုံကျောင်းကွန်ကရစ် လမ်းဘေးတွင် လာရောက် ပစ်သွားကြောင်း လူမှုကူညီရေးအသင်းက ပြောသည်။

“သေသွားတဲ့ အမျိုးသားကို မီတာ (၅၀) လောက် အကွာမှာ လာပစ်သွားတယ်လို့ ထင်ရတယ်။ ရန်ဖြစ်ကြတဲ့နေရာမှာ ဓါးအိမ်တွေ ဖိနပ်တွေ ကျန်ခဲ့တာကို တွေ့ရတယ် ရန်ဖြစ်တဲ့နေရာနဲ့ အလောင်းလာပစ်တဲ့နေရာက သိပ်မဝေးဘူး အလောင်းကိုတော့မြစ်ကြီးနား ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်” ဟု မျိုးဆက်သစ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက် နယ်မြေ (၁၀) အတွင်း ယမန်နေ့ညက လူသတ်မှုဖြစ်စဉ်အား အမြန်ဆုံး ပေါ်ပေါက်ရန်အတွက် နယ်မြေခံတာဝန်ရှိ ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။