Trending Now

ဆိပ်မူရွာ နှီးဘုရားအတက်လမ်း၌ ကျောက်ပွဲစားတစ်ဦးအား လူတစ်စုမှ ရိုက်နှက်လုယက်သွား၊ အဖိုးတန် ကျောက်စိမ်းသုံးလုံးနှင့် ဖုန်း၊ ဆိုင်ကယ်တို့ကို ယူဆောင်သွား

Spread the love

ဆိပ်မူရွာ နှီးဘုရားအတက်လမ်း၌ ကျောက်ပွဲစားတစ်ဦးအား လူတစ်စုမှ ရိုက်နှက်လုယက်သွား၊ အဖိုးတန် ကျောက်စိမ်းသုံးလုံးနှင့် ဖုန်း၊ ဆိုင်ကယ်တို့ကို ယူဆောင်သွား

EPN
ဖားကန့်၊ ဩဂုတ် ၃၁

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ နှီးဘုရား အတက်လမ်းတွင် ယမန်နေ့က ကျောက်ပွဲစားတစ်ဦးအား လူတစ်စုမှ ရိုက်နှက်လုယက်သွားပြီး အဖိုးတန် ကျောက်စိမ်းသုံးလုံးနှင့် ဖုန်း၊ ဆိုင်ကယ် တို့ကို ယူဆောင်သွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားဟု ဒေသခံများထံမှ သိရသည်။

ဖားကန့်ကျောက်စိမ်းမှော် ဒေသ၌ ကျောက်ပွဲစား လုပ်ကိုင်သည့် ဆိပ်မူကျေးရွာနေထိုင်သည့် ကိုလွမ်းဝေ ဆိုသူသည် ဩဂုတ်လ ၃၀ ရက် နေ့လယ် ၂ နာရီခွဲ အချိန်ခန့်က ဆိုင်းတောင်ကျောက်ဝိုင်းသို့ သွားရောက်စဉ် ဆိပ်မူရွာ နှီးဘုရား အတက်လမ်း အရောက် ဈေးဝယ်နေစဉ် လူ‌သုံးဦးက ‌၎င်းတို့သည် ကေအိုင်အေက ဖြစ်ပြီး မေးမြန်းစရာရှိ၍ ဆိုင်ကယ်ဂိတ်သို့ လိုက်ရန် ခေါ်ဆောင်သဖြင့် လိုက်သွားရာ ဆိုင်ကယ်ဂိတ်သို့ မရောက်မီ လမ်း၌ အသင့်စောင့်နေသည့် လူသုံးဦးက ဝင်ရောက်ရိုက်နက်ကာ ကိုလွမ်းဝေတွင် ပါလာသည့် ကျောက်စိမ်းသုံးလုံးနှင့် ဖုန်း၊ ဆိုင်ကယ် တို့ကို ယူဆောင်ထွက်ပြေးသွားသည်ဟု ဒေသခံ တစ်ဦးက ပြောပြသည်။

“ကိုလွမ်းဝေက နှီးဘုရားအတက်လမ်းက ဈေးဆိုင်မှာ ဈေးဝင်ဝယ်နေရင်း ဆိုင်ကယ်နှစ်စီးနဲ့ လူသုံးယောက် လိုက်လာတယ် သူတို့ကိုယ်သူတို့ ကေအိုင်အေကလို့ ဆိုပြီး ကိုလွမ်းဝေကို ဆိုင်ကယ်ဂိတ်မှာ ပြဿနာလိုက်ရှင်းပါလို့ ခေါ်သွားတယ် ဆိုင်ကယ်ဂိတ်မရောက်ခင်မှာ နောက်ထပ် အသင့်စောင့်နေတဲ့ လူသုံးယောက်က ရိုက်နှက်ထိုးကြိတ်ပြီး ကိုလွမ်းဝေရဲ့ ပွဲတိုက်ပြီးသား သိန်းသုံးဆယ်လောက်တန်တဲ့ ကျောက်သုံးလုံးရယ် ဖုန်းရယ် ဆိုင်ကယ် တွေကို လုယူသွားတာလို့ သိရတယ်”ဟု ၎င်းက ဆိုသည်။

အနီးရှိ CCTV မှတ်တမ်းအရ ကိုလွမ်းဝေကို ခေါ်ဆောင်သွားသည့် လူအချို့ကို တွေ့ရသော်လည်း မည်သူမည်ဝါ ဖြစ်ကြောင်း မသိရှိရသေး သဖြင့် ဆက်လက် စုံစမ်းနေကြောင်း သိရသည်။

“ကာယကံရှင်အနေတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို ဆက်သွယ်ပြီး စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆိုသွားမယ်လို့ သိရတယ်၊ အခုက ကေအိုင်အေ နာမည်သုံးပြီး အုပ်စုဖွဲ့ ရိုက်နှက်ပြီး ဝိုင်းလုသွားတာပါ၊ ကေအိုင်ကေ လူတွေ ဟုတ်၊ မဟုတ် စုံစမ်းနေတယ်”ဟု ဒေသခံ တစ်ဦးက ပြောပြသည်။

ယခုနှစ်အတွင်း ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းမှော် ဒေသများတွင် ကျောက် အရောင်းအဝယ်လုပ်မည်ဟု ဆိုကာ ချိန်းဆို လုယက်ခြင်းများ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း သိရပြီး ယခုတစ်ကြိမ်မှာမူ ကေအိုင်အေ အမည်သုံး၍ အုပ်စုဖွဲ့ လုယက်သွားခြင်း ဖြစ်သည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။