Trending Now

ဧရာဝတီမြစ်အတွင်း မြစ်ရေကျဆင်းလာခြင်းကြောင့် မန္တလေးမြို့အနီးတွင် လင်းပိုင် ၂၁ ကောင်ခန့် ပြောင်းရွှေ့နေထိုင်ကျက်စားလျက်ရှိ

Spread the love

ဧရာဝတီမြစ်အတွင်း မြစ်ရေကျဆင်းလာခြင်းကြောင့် မန္တလေးမြို့အနီးတွင် လင်းပိုင် ၂၁ ကောင်ခန့် ပြောင်းရွှေ့နေထိုင်ကျက်စားလျက်ရှိ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ

ဧရာဝတီမြစ်အတွင်း မြစ်ရေကျဆင်းလာခြင်းကြောင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ မန္တလေးမြို့အနီးတွင် လင်းပိုင် ၂၁ ကောင်ခန့် ပြောင်းရွှေ့နေထိုင် ကျက်စားလျက်ရှိကြောင်း နိုင်ငံပိုင်သတင်း ဖော်ပြချက်အရ သိရသည်။

ကချင်ပြည်နယ် ဗန်းမော်နှင့် မန္တလေးမြို့အကြားရှိ မြစ်ပိုင်းအတွင်းတွင် ဧရာဝတီလင်းပိုင်များသည် ဖြန့်ကြက်သွားလာ ပေါက်ဖွား ရှင်သန်လျက်ရှိကြောင်း သိရသည်။

ရေနေ နို့တိုက်သတ္တဝါ တစ်မျိုးဖြစ်သည့် ဧရာဝတီ လင်းပိုင်များကို ဧရာဝတီမြစ်ထဲတွင် စတင်တွေ့ရှိခဲ့၍ မြန်မာနိုင်ငံမှာတွေ့သော ငါးမျိုးစိတ်အသစ်တစ်ခု အနေနှင့် ကမ္ဘာတွင် မှတ်တမ်းပြုခဲ့ခြင်းဖြစ်ပြီး ဧရာဝတီလင်းပိုင်သည် အရှေ့တောင်အာရှ၏ ထင်ရှားသော ပြယုဂ် တစ်ခု ဖြစ်သည်။

လူများနှင့် ရင်းနှီးစွာ ပေါင်းသင်း၍ ပူးပေါင်းဆက်ဆံမှု ရှိကြသည့် ဧရာဝတီလင်းပိုင်များသည် မျိုးတုံးပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အတွက် လင်းပိုင် ထိန်းသိမ်းရေးနားလည်မှု စာချွန်လွှာ တစ်ရပ်ကို ၂၀၀၇-ခုနှစ်၊ ဖေဖော်ဝါရီလဆန်းတွင် ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)တို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဧရာဝတီလင်းပိုင်နှင့် ငါးမျိုးပြုန်းတီးမှုကို ဖြစ်ပေါ်စေသော တရားမဝင် ငါးဖမ်းဆီးခြင်းများ (လျှပ်စစ်ရှော့တိုက်ခြင်း၊ မိုင်းခွဲခြင်း၊ အဆိပ်ချခြင်း) နှင့် မြစ်ချောင်းများအတွင်း ရွှေတူးဖော်မှုများ ပပျောက်စေရန်အတွက် ၂၀၀၇-ခုနှစ် ဒီဇင်ဘာလ အတွင်း၌ မင်းကွန်းနှင့် ကျောက်မြောင်းမြို့အကြား ၇၂ ကီလိုမီတာကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းဧရိယာအဖြစ် သတ်မှတ်ခဲ့ကြကြောင်း သိရသည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာဖြစ်သည့် မန္တလေးမှ ကျောက်မြောင်းကြားတွင် နေထိုင်ကျက်စားလျက်ရှိသည့် လင်းပိုင်များအနေဖြင့် ယခုလက်ရှိ ဧရာဝတီမြစ်ရေကျချိန်တွင် ၎င်းတို့အတွက် အန္တရာယ်မရှိနိုင်သည့် နေရာများကို ရွေးချယ်ကာ နေထိုင်ကျက်စားလေ့ရှိကြောင်း သိရသည်။

မန္တလေးမှ ကချင်ပြည်နယ် ဗန်းမော်ထိ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၀ ရက်မှ ၂၀ ရက်ထိ ဧရာဝတီလင်းပိုင် သုတေသန စစ်တမ်းကောက်ယူချက်အရ မန္တလေးမှ ကျောက်မြောင်းကြား (ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာ ၁)တွင် ၂၈ ကောင်၊ ထီးချိုင့်-ကသာ- ရွှေကူ (ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ဧရိယာ ၂) အပါအဝင် ကန့်ဘလူမြို့နယ် မလယ်နှင့် ကချင်ပြည်နယ် ရွှေကူမြို့ကြားတွင် ၃၇ ကောင်၊ ဗန်းမော်မြို့နယ်တွင် ၁၄ ကောင် စုစုပေါင်း ၇၉ ကောင်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ဧရာဝတီလင်းပိုင်နှင့် လက်ပစ်ကွန် ရေလုပ်သားတို့ ပူးပေါင်း ငါးဖမ်းဆီးသည့် သဘာဝဓလေ့စရိုက် နှင့် ဧရာဝတီလင်းပိုင်များကို နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက် ကြည့်ရှုလေ့လာလေ့ရှိကြောင်း သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။