Trending Now

ပြည်နယ်ရေကူးကန်ဝင်းအတွင်း စစ်ကျန်လေယာဉ်ဗုံးသီးဟောင်း တစ်လုံးတွေ့ရှိ

Spread the love

ပြည်နယ်ရေကူးကန်ဝင်းအတွင်း စစ်ကျန်လေယာဉ်ဗုံးသီးဟောင်း တစ်လုံးတွေ့ရှိ
EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီလ ၂၈
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်၊ နယ်မြေ(၃)၊ လမ်းသွယ်(၅)၊ ဦးအင်ဂန်လတောင်လမ်း ရှိ ကချင်ပြည်နယ် ရေကူးကန်ဝင်းအတွင်း၌ ယနေ့ (ဖေဖော်ဝါရီလ ၂၈ရက်) နံနက် (၇)နာရီအချိန်ခန့်က စစ်ကျန် လေယာဉ်ဗုံးသီးဟောင်း တစ်လုံး တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။
အသစ်ဆောက်လုပ်နေသည့် ပြည်နယ်ရေကူးကန်ဝင်းအတွင်း၌ ရေဆိုးထုတ် ရေနုတ်မြောင်းတူးဖော်နေရာ အဆိုပါ စစ်ကျန် ဗုံးသီးဟောင်းအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
“ကျနော်တို့ အားကစားနှင့် ကာယပညာဦးစီးဌာန ကနေ အသစ်ဆောက်လုပ်နေတဲ့ ရေကူးကန်ကြီးဝင်းအတွင်းမှာ ဒီနေ့ မနက်ပိုင်းက ရေဆိုးထုတ်၊ ရေနုတ်မြောင်း တူးဖော်နေတဲ့အချိန် ရှေးဟောင်း စစ်ကျန် ဗုံသီး၊ လေယာဉ်ဗုံးသီးလို့ ယူဆရတဲ့ ဗုံသီးတစ်လုံးတွေ့ရှိခဲ့တယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ တွေ့ရှိရသည့် စစ်ကျန် လေယာဉ် ဗုံးသီးဟောင်းမှာ အလျား (၃)ပေ (၄)လက်မ နှင့် လုံးပတ် (၂)ပေ (၉) လက်မ ရှိကြောင်း သိရပြီး တာဝန်ရှိသူများနှင့် အမှတ် ၉၀၁ စစ်အင်ဂျင်နီယာတပ်ရင်းမှ အရာရှိစစ်သည်များက လာရောက်စစ်ဆေး သယ်ယူသွားကြောင်း သိရသည်။
မြစ်ကြီးနားမြို့သီတာရပ်ကွက်အတွင်း ယခုကဲ့သို့ အဆောက်အဦ တည်ဆောက်ရင်း မြေတူးဖော်ရာမှ စစ်ကျန်ဗုံးသီးဟောင်းများ တွေ့ရှိခဲ့သည့် ဖြစ်စဉ်များ ယခင်နှစ်များကလည်း ရှိခဲ့ဖူးသည်။
ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။