Trending Now

ဗန်းမော်မြို့သို့ နေရပ်စွန်ခွာလာကြသည့် အိမ်ထောင်စုများကို ပြည်နယ်အစိုးရအဖွဲ့ စီစဉ်ညွှန်ကြားမှုဖြင့် စားသောက်ကုန်များ ပေးအပ်

Spread the love

ဗန်းမော်မြို့သို့ နေရပ်စွန်ခွာလာကြသည့် အိမ်ထောင်စုများကို ပြည်နယ်အစိုးရအဖွဲ့ စီစဉ်ညွှန်ကြားမှုဖြင့် စားသောက်ကုန်များ ပေးအပ်

EPN
ဗန်းမော်၊ ဖေဖော်ဝါရီ ၂၇ (၂၀၂၄)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်းသို့
နေရပ်စွန်ခွာလာကြသည့် အိမ်ထောင်စုများကို ပြည်နယ်အစိုးရအဖွဲ့ စီစဉ်ညွှန်ကြားမှုဖြင့် စားသောက်ကုန်များ ပေးအပ်ပွဲကို ယမန်နေ့၊ ညနေ ၃ နာရီခွဲက ပေါက်ကုန်းရပ်ကွက်ရှိ သုခဝတီဘုန်းတော်ကြီးကျောင်းနှင့် ဇေယျသုခ ဘုန်းတော်ကြီးကျောင်းတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့အတွင်းသို့ နေရပ်စွန့်ခွာပြောင်းရွေ့လာကြသည့် တိုက်ပွဲရှောင်ပြည်သူများကို ပြည်နယ်အစိုးရ၏ စီစဉ်မှုဖြင့် ယမန်နေ့၊ ညနေပိုင်းက ဆန်၊ ခေါင်ဆွဲခြောက်နှင့် ရာသီသီးနှံများ လာရောက်ထောက်ပံ့ပေးမှုများကို ပြုလုပ်ခဲ့ကြောင်း ‌ဗန်းမော်မြို့ ဒေသခံတစ်ဦးက ဆိုသည်။

” မနေ့ ညနေပိုင်းက ဗန်းမော်မြို့ပေါ် ရှိ ဘုန်းကြီးကျောင်းတွေမှာ နေရပ်စွန့်ခွာလာကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ခရိုင်အဖွဲ့အစည်းတွေက ဆန်၊ ခေါက်ဆွဲခြောက်နဲ့ ရာသီသီးနှံ အသီးအရွက်တွေကို အိမ်ထောင်စုအလိုက် ပေးအပ်မှုတွေ ပြုလုပ်ပေးခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒုက္ခရောက်လာသူတွေကို ကူညီဖေးမပေးလို့ ကျေးဇူးတင်ရပါတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မံစီမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် စီခမ်းကြီး၊ စီကော်၊ သံတံတား၊ စီအူ၊ ဟန်ထက်၊ နောင်ဟူး၊ ကုန်းတိမ်၊ မံရ၊ မံသဲ၊ ဂွေ့ကြီး၊ တုံပလွေ၊ နာဇရပ်၊ ဂါးရာယန် တို့မှ နေရပ်စွန့်ခွာ အိမ်ထောင်စုများအတွက် ဆန်၊ ခေါက်ဆွဲခြောက်နှင့် ရာသီသီးနှံများကို အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးအပ်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့ပေါ် ရှိ သုခဝတီဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စု (၈၀)စု လူဦးရေ (၂၃၂)ဦး၊ ဇေယျသုခဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စု (၁၁)စု လူဦးရေ (၃၂)ဦး နေရပ်စွန့်ခွာကြပြီး ဘုန်းတော်ကြီးကျောင်းတို့တွင် လာရောက်ခိုလှုံလျက်ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့သည် မံစီမြို့နယ်အတွင်းမှ နေရပ်စွန့်ခွာအိမ်ထောင်စု (၁၅၄)စုအတွက် ပြောင်းရွှေ့စရိတ် (၁၅၄)သိန်းကိုလည်းကောင်း၊ တစ်လစာ ဆန်ရိက္ခာ အတွက် ငွေ (၆,၅၅၂,၀၀၀) ကျပ်ကိုလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ထောက်ပံ့ရေးပစ္စည်းပုံးများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။