Trending Now

ဂျပန်အစိုးရကျောထောက်နောက်ခံ စွမ်းအင် ကုမ္ပဏီ မြန်မာနိုင်ငံက နှုတ်ထွက်မယ်

Spread the love

ဂျပန်အစိုးရကျောထောက်နောက်ခံ စွမ်းအင် ကုမ္ပဏီ မြန်မာနိုင်ငံက နှုတ်ထွက်မယ်

EPN

နိုင်ငံတကာ၊ မေ ၃

ဂျပန်အစိုးရနဲ့ ပုဂ္ဂလိကနယ်ပယ်တို့က ငွေကြေးထည့်ဝင်ထားတဲ့ စွမ်းအင်အရင်းအမြစ်ရှာဖွေတူးဖော်ထုတ်လုပ်ရေး နီပွန်လက်အောက်ခံ ကုမ္ပဏီက မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့လုပ်ငန်းစီမံချက်ကနေ နှုတ်ထွက်တော့မယ်လို့ ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံတွင်း အခြေအနေတွေကို ထောက်ပြပြီး အဲဒီလိုဆုံးဖြတ်ခဲ့တာလို့ JX Nippon Oil & Gas Exploration ရဲ့ လက်အောက်ခံဖြစ်တဲ့ Nippon Oil Exploration Myanmar ကုမ္ပဏီက ဆိုပါတယ်။

Nippon Oil Exploration Myanmar ကုမ္ပဏီဟာ ရဲတံခွန် သဘာဝဓာတ်ငွေ့သိုက်လုပ်ငန်းကနေ နှုတ်ထွက်မှာဖြစ်ပြီး ကုမ္ပဏီက သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမှာ ရှယ်ယာ ၁၉ ရာခိုင်နှုန်းလောက်ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

အဲဒီဓာတ်ငွေ့ထုတ်လုပ်မှုတွေကို ၂၀၀၀ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ဒါပေမဲ့ မနှစ်က ဖေဖော်ဝါရီမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အဲဒီစီမံချက်ဟာ စစ်တပ်အတွက် ဝင်ငွေရရှိရာ အရင်းအမြစ်တစ်ခုဖြစ်တယ်ဆိုပြီး အပြစ်တင်ဝေဖန်ခံနေခဲ့ရပါတယ်လို့ NHK သတင်းဌာနက ယနေ့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မလေးရှားနဲ့ ထိုင်းနိုင်ငံတွေရဲ့ နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီတွေ ကလည်း သူတို့ရဲ့နှုတ်ထွက်မှုကို ကြေညာထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

လုပ်ကွက်ကနေ ထွက်ရှိတဲ့ ဓာတ်ငွေ့တွေကို ဂျပန်ကို ပေးပို့တာမျိုးမရှိဘူးလို့ Nippon Oil Exploration Myanmar က ပြောဆိုခဲ့ပြီး မြန်မာအစိုးရဆီက အတည်ပြုချက် ရပြီးလို့ရှိရင် သူ့ရဲ့အကျိုးစီးပွားတွေကို ရုပ်သိမ်းဖို့ စီစဉ်ထားတယ်လို့ အဲဒီကုမ္ပဏီက ဆိုပါတယ်။

Source – NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။