Trending Now

မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် နယ်မြေ (၇) တွင် အဖိုး၊ အဖွား ‌နေအိမ်တစ်ခုအား အမျိုးသားသုံးဦးမှ သေနတ်ပြ၍ ဓားပြဝင်တိုက်

Spread the love

မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် နယ်မြေ (၇) တွင် အဖိုး၊ အဖွား ‌နေအိမ်တစ်ခုအား အမျိုးသားသုံးဦးမှ သေနတ်ပြ၍ ဓားပြဝင်တိုက်

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၃၀ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၊ နယ်မြေ (၇) တွင် ကုန်စုံဆိုင်ဖွင့်လှစ် ရောင်းချနေသည့် အသက် ၇၀ ကျော် အဖိုးနှင့် ၆၀ ကျော် အဖွားတို့နေအိမ်အား ယမန်နေ့၊ ည ၇နာရီအချိန်ခန့်က အမျိုးသားသုံးဦး သေနတ်များကိုင်ဆောင်၍ ဓားပြဝင်တိုက်သွားကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

အဖိုးအဖွားနှစ်ယောက်မှာ ရပ်ကွက်အတွင်း ကုန်ဆိုင်ဖွင့်လှစ် ရောင်းချနေသည်ကို အမျိုးသားသုံးဦးမှ သေနတ်များကိုင်ဆောင်၍ ဓားပြတိုက်သွားရာ ငွေသားအချို့နှင့် ဖုန်းငွေဖြည့်ကဒ် များ ပါသွားကြောင်း အိမ်နီးနားချင်း ရပ်ကွက်နေသူများက ဆိုသည်။

” မနေ့ ည ၇နာရီ အချိန်လောက်မှာ ဓားပြ တိုက်ခံရတယ်လို့ ကြားတယ်။ အဲ့ဈေးဆိုင်က အဖိုးအဖွားပဲ ရှိတာ။ ငွေသား သိန်း ၃၀ဆယ်လောက်နဲ့ ဖုန်းငွေဖြည့်ကဒ် အစုံ နှစ်သိန်းဖိုးကျော် ပါသွားတယ် ” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ ဓားပြတိုက်မှုတွင် အမျိုးသား သုံးဦးမှ ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး Mask အနက်ရောင်များ တပ်ဆင်၍ သေနတ်များပြပြီး အဖိုးကြီး၊ အဖွားကြီးအား အိမ်အတွင်း၌ လက်ပြန်ကြိုးချည်ကာ သိမ်းဆည်းထားသော ငွေသားသိန်းသုံးဆယ်နှင့် ဖုန်းငွေဖြည့်ကဒ် အမျိုးမျိူ နှစ်သိန်းကျော်ဖိုး ယူဆောင်သွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် ဓားပြတိုက်သူ သုံးဦးမှ အဖိုး၊ အဖွားများကို ရိုက်နှိက်သွားခြင်း မရှိပဲ ၎င်းတို့ လိုချင်ရာများကို မွှေနှောက် ရှာဖွေ ယူသွားကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဓားပြတိုက်ခံရသူ အဖိုးအဖွားမှာ သက်ဆိုင်ရာ နယ်မြေရဲစခန်းအား အမှုဖွင့်တိုင်တန်းထားခြင်း မရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ် လယ်ကုန်းရပ်ကွက်တွင် ၂၀၂၄ နှစ်ဆန်းပိုင်းတွင် ပထမဆုံး သေနတ်ပြ ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး၊ အခြားရပ်ကွက်တို့တွင်လည်း အိမ်ဖောက်ခံရခြင်းများ၊ ဆိုင်ကယ်၊ သုံးဘီး ခိုးယူခံရခြင်းများ၊ ဓားထောက်လုယက်မှုများလည်း ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။