Trending Now

ဖားကန့်မြို့တွင် စာသင်ကျောင်းအတွင်း KIA/ PDF ပူးပေါင်းအဖွဲ့မှ လောင်းကစားဝိုင်း ပြုလုပ်ထား

Spread the love

ဖားကန့်မြို့တွင် စာသင်ကျောင်းအတွင်း KIA/ PDF ပူးပေါင်းအဖွဲ့မှ လောင်းကစားဝိုင်း ပြုလုပ်ထား

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၃ (၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်ကျေးရွာအတွင်းရှိ ဆွတ်အောင်ရာ မူလွန် စာသင်ကျောင်းထဲတွင် KIA/ PDF ပူးပေါင်းအဖွဲ့မှ လောင်းကစားဝိုင်း ပြုလုပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ဆွတ်အောင်ရာကျေးရွာ မူလွန် စာသင်ကျောင်းအတွင်း KIA/ PDF ပူးပေါင်းအဖွဲ့မှ တစ်ဝိုင်းလျှင် (၂)သိန်းကျပ် တောင်းခံကာ လောင်းကစားဝိုင်းများ ဖွင့်လှစ်နေကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

” ဒီဇင်ဘာလ လောက်ထဲက စပြီး စာသင်ကျောင်းဝန်းထဲမှာ လောင်းကစားဝိုင်းကို လုပ်နေကြတာ။ KIA/ PDF က တစ်ဝိုင်း (၂) သိန်းနဲ့ ကောက်တယ်ဗျ။ တစ်ညလုံး ကစားကြတယ်။ ရပ်ကွက်လူကြီးတွေလဲ ဘာမှ မပြောရဲဘူး။ ဒေသခံတွေက အခုလို စာသင်ကျောင်းထဲ လောင်းကစားဝိုင်းလုပ်တော့ ပြောချင်ကြတယ်။ ဒါပေမယ့် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်နေတော့ ဘာမှမပြောရဲဘဲ နေနေရတယ် ” ဟု ၎င်းကပြောသည်။

ဖားကန့်မြို့အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဆွတ်အောင်ရာ စာသင်ကျောင်းမဖွင့်လှစ်ခဲ့သည့်မှာ တစ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်ပြီး၊ လက်ရှိတွင် KIA/ PDF ပူးပေါင်းအဖွဲ့မှ လောင်းကစားဝိုင်းကို ညနေ (၄)နာရီမှ မနက် (၅)နာရီအထိ ဖွင့်လှစ်ကာ ပြုလုပ်နေကြကြောင်း သိရသည်။

” စာသင်ကျောင်းမှာ ကလေးငယ်တွေ စာသင်သံတွေနဲ့ ဆူညံနေရမယ့်အစား အခုလို အလောင်းကစားဝိုင်း အော်သံတွေ၊ ဆဲဆိုသံနဲ့ ဆူညံနေတာ။ ဒေသခံတွေ အနေနဲ့ လက်မခံခြင်းပေမယ့် လက်နက်ကို ကြောက်ရတာကြောင့် မပြောရဲ မဆိုရဲဘဲ နေထိုင်နေရတယ်။ သက်ဆိုင်တဲ့ လူကြီးတွေအနေနဲ့ အမြန်ဆုံး ရပ်တန့်နိုင်အောင် ဆောင်ရွက်ပေးစေချင်တယ်” ဟု ဆွတ်အောင်ရာ ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်းရှိ ဆိုင်းတောင်၊ ဝှေခါကျေးရွာများကို KIA/ PDF ပူးပေါင်းအဖွဲ့မှ စိုးမိုးထားပြီး ယမန်နေ့ကလည်း လုံးခင်းကျေးရွာအတွင်း တပ်မတော်နှင့် KIA/ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပန်ပန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။