Trending Now

ကိုရိုနာဗိုင်းရပ်စ် မကူစက်ခံရရေး ဘယ်လိုဆောင်ရွက်မလဲ

Spread the love

ကိုရိုနာဗိုင်းရပ်စ် မကူစက်ခံရရေး ဘယ်လိုဆောင်ရွက်မလဲ

EPN Article
ဆောင်းပါး၊ ဖေဖော်ဝါရီ ၂

“အခုတလော ဂျာနယ်တွေ၊ သတင်းစာတွေ၊ အွန်လိုင်းသတင်းတွေ ဖတ်ရတာတောင် ခပ်လန့်လန့်ပဲ” လို့ မိတ်ဆွေတစ်ဦးက ဆိုလာတော့ “ ဘာဖြစ်လို့လဲဟ” လို့ ကျွန်တော်က ပြန်မေးလိုက်မိတယ်။ အဲဒီတော့ သူပြောတာလည်း ကြည့်ဦးဗျာ။ “ဝူဟန်ဗိုင်းရပ်စ် ကူးခံရမှာ စိုးလို့” တဲ့။ သူပြောလည်း ပြောစရာပဲ။ အခုတလော ဂျာနယ်၊ သတင်းစာ၊ အွန်လိုင်း ဘာကိုပဲ ကြည့်ကြည့် ဝူဟန်ဗိုင်းရပ်စ်လို့ ခေါ်ကြတဲ့ ကိုရိုနာဗိုင်းရပ်စ် အကြောင်း တွေကိုပဲ အများဆုံးတွေ့နေရတယ်။ တစ်နေ့တစ်နေ့ ဗိုင်းရပ်စ်ကြောင့် “ဘယ်နှယောက် ကူးစက်ခံရပြီ။ ဘယ်နှစ် ဦး သေသွားပြီ။ ဘယ်နိုင်ငံတွေမှာ ကူးစက်ခံနေရပြီ” ဆိုတဲ့သတင်းတွေ ဖတ်ပြီး ကျွန်တော်တို့ ထိတ်လန့်နေရ တယ်။ ကျွန်တော်တို့ အနီးအနားက နိုင်ငံတွေရော၊ အဝေးက နိုင်ငံတွေပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ခံနေရ ပြီဆိုတော့ ကျွန်တော်တို့ အလှည့် ဘယ်တော့ ရောက်လာမလဲ လို့ တွေးရင်း ကြောက်နေမိတယ်။

တကယ်တော့ ဒီဗိုင်းရပ်စ်က တရုတ်နိုင်ငံမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလလောက်ကတည်းက စခဲ့တာပါ။ အဲဒါက အခု ဇန်နဝါရီလ အစောပိုင်းကျမှ “ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် သာမန် မဟုတ်သော အဆုတ်ရောင် ရောဂါကြောင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှစ၍ လူ ၄၄ ဦး ဆေးရုံတက်ရပြီး ၁၁ ဦးမှာ အခြေအနေ ဆိုးရွား နေသည်” ဆိုတဲ့သတင်းတွေ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့လာမှ ကျွန်တော်တို့ သိရတာပါ။ ဒါပေမယ့် “အဲဒါ ဘာရောဂါလဲ၊ စိုးရိမ်စရာကောင်းလား၊ မကောင်းဘူးလား” ကျွန်တော်တို့ မသိဘူး။ ဝူဟန်မြို့ ကျန်းမာရေး တာဝန်ရှိသူတွေကတောင် တုပ်ကွေး၊ ကြက်ငှက်တုပ်ကွေး၊ အဒီနိုဗိုင်းရပ်စ်တွေ မဟုတ်ဘဲ Viral Pneumonia of unknown cause လို့ ထုတ်ပြန်ခဲ့ပြီး ၂၀၀၃ ခုနှစ်က ကမ္ဘာပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ဆားစ် (SARS) ရောဂါနဲ့ တူတယ်လို့ ကနဦးသုံးသပ်ခဲ့ကြတယ်။

ဇန်နဝါရီ ၁၁ ရက်ရောက်လာတော့ “ဆယ်စုနှစ် တစ်ခုကျော်က လူရာပေါင်းများစွာကို သေဆုံးစေခဲ့ သော ဆားစ် (SARS) ရောဂါနှင့် အမျိုးအစားတူ အုပ်စုမှ ဗိုင်းရပ်စ်သစ် တစ်မျိုးကြောင့် ဖြစ်ပွားသည်ဟု ယူဆ ရသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် အသက် ၆၁ နှစ်ရှိ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း” တရုတ်နိုင်ငံက ထုတ်ပြန်ခဲ့တယ်။ သေဆုံးခဲ့တဲ့ အမျိုးသားဟာ ရောဂါကူးစက်ဖြစ်ပွားမှုရဲ့ ဗဟိုချက်ဖြစ်တယ်လို့ အာဏာပိုင်တွေက ဖော်ထုတ်ခဲ့တဲ့ မြို့ထဲရှိ ပင်လယ်စာဈေးတစ်ခုမှ ပစ္စည်းတွေ ဝယ်ယူခဲ့တယ်။ အဲဒီအမျိုးသား ဟာ နာတာရှည်အသည်းဝေဒနာအပါအဝင် အခြားကျန်းမာရေး ပြဿနာတွေကိုလည်း ခံစားနေရပြီး အသက်ရှူ လမ်းကြောင်းဆိုင်ရာဝေဒနာနဲ့ ပြင်းထန်တဲ့ နမိုးနီးယားကို ခံစားရမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဝူဟန် ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့တယ်။ နောက်ပြီး အဲဒီဗိုင်းရပ်စ်ဟာ လူဦးရေ ၁၁ သန်းနေထိုင်ပြီး သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းမှာ အချက်အချာကျတဲ့ ဝူဟန်မြို့လယ်ရှိ ပင်လယ်စာဈေးအနီး တစ်ဝိုက်မှာ စတင်ပျံ့နှံ့ခဲ့ပြီး လူနှစ်ဦးသေဆုံးကာ ၄၅ဦးထက်မနည်း ရောဂါကူးစက်ခံရတယ်လို့ တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ခဲ့တယ်။

အဲဒီအချိန်ထိ ဒီဗိုင်းရပ်စ်ကို ကိုရိုနာဗိုင်းရပ်စ်လို့ အတည်မပြုရသေးဘူး။ ကျွန်တော်က နိုင်ငံတကာ သတင်းတွေကနေတစ်ဆင့် တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတာကို စောင့်ကြည့်ဖြစ်ခဲ့တယ်။ တရုတ်နိုင်ငံကို စိုးရိမ်လို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကို စိုးရိမ်လို့။ တရုတ်က ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်တစ်ခုဆိုတော့ ဒီရောဂါကို ခဏအတွင်း ကာကွယ်နိုင်မယ်။ ကုသနိုင်မယ်။ မြန်မာနိုင်ငံက ဆင်းရဲလွန်းတော့ ရောဂါကူးစက်လို့ ကူးစက်မှန်း တောင် သိပါ့မလား။ သိရင်ရော လုံလောက်တဲ့ ကုသမှုတွေ ပေးနိုင်ပါ့မလား။ ဒီတော့ ရောဂါဖြစ်လာရင် ဖြစ်သမျှ ကို လည်စင်းခံရမှာ မဟုတ်လား။ အဲဒါကြောင့်ပါ။ ဇန်နဝါရီ ၁၃ ရက်မှာ ထိုင်းနိုင်ငံကို ဝူဟန်မြို့ကနေ ရောက် လာတဲ့ အသက် ၆၁ နှစ် အရွယ် တရုတ် အမျိုးသမီးတစ်ဦးမှာ အဲဒီဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့တယ်။ အဲဒါပြီး တော့ တရုတ်ခရီးသွားတစ်ဦးမှာ မပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါ ကူးစက်ခံထားရတာကို ထိုင်းဆရာဝန်တွေ က ထပ်မံ စစ်ဆေးတွေ့ရှိခဲ့တယ်။ အဲဒီတော့မှ ဖြစ်ပွားနေတဲ့ အဆုတ်ရောင်ရောဂါဟာ Coronavirus (ကိုရိုနာ ဗိုင်းရပ်စ်) ဟုခေါ်ဆိုသော ရောဂါပိုးကနေ ဖြစ်ပွားတယ်လို့ အတည်ပြုလိုက်ကြတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာခဲ့တယ်။ တရုတ်နိုင်ငံကနေတစ်ဆင့် အိမ်နီးချင်း နိုင်ငံတွေ၊ ဥရောပနိုင်ငံတွေဆီ ပျံ့နှ့ံ့ကူးစက်ခဲ့တယ်။ ဇန်နဝါရီလ ၂၈ ရက်အထိ သတင်းတွေအရ လူပေါင်း ၄၅၀၀ ကျော်ကို ကူးစက်ခဲ့ပြီး ၁၀၆ ဦး သေဆုံးခဲ့တယ်တဲ့။ ကိုရိုနာဗိုင်းရပ်စ်ဟာ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ မကာအို၊ ဟောင်ကောင်၊ စင်ကာပူ၊ ဗီယက်နမ်၊ အမေရိကန်၊ ပြင်သစ်၊ ထိုင်ဝမ်၊ နီပေါ၊ သြစတေးလျ၊ မလေးရှား၊ ကနေဒါ၊ ကမ္ဘောဒီးယားနဲ့ဂျာမနီနိုင်ငံတွေကိုပါ ပျံ့နှံ့ကူးစက်ခဲ့ပြီး လူသေဆုံးမှုတော့ မရှိသေးဘူးလို့ သိရပါတယ်။ ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်တဲ့ အနေအထားကို ကြည့်ရင် မြန်မာနိုင်ငံဟာ ဗိုင်းရပ်စ်ကူးစက်ခံနေရသူတွေရဲ့ ဝိုင်းနေ တာကို ခံနေရသလို ဖြစ်နေပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံအတွင်းကို ကိုရိုနာဗိုင်းရပ်စ် ရောက်ရှိနေပြီလား လို့ သံသယ ဖြစ်စရာ ကောင်းပါတယ်။ ပြည်သူတွေလည်း ထိတ်လန့်တုန်လှုပ်နေကြပါတယ်။

မြန်မာနိုင်ငံအစိုးရကလည်း ကိုရိုနာဗိုင်းရပ်စ်ကို ကုသဖို့အတွက် ဆေးရုံတွေကို သီးသန့် ပြင်ဆင်ထား သလို ပြည်ပမှ ဗိုင်းရပ်စ်တွေ ဝင်ရောက်မလာစေဖို့အတွက်လည်း နယ်စပ် ဝင်ပေါက်တွေ၊ လေဆိပ်တွေမှာ စောင့်ကြည့် ကြပ်မတ်စစ်ဆေးနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတယ်။ အဲအချိန်မှာ ပြည်ထောင်စုဝန် ကြီးတစ်ဦးက ဒီရောဂါကို ကုသဖို့ ဘယ်လိုဆောင်ရွက်ထားတယ်ဆိုတဲ့အကြောင်း တခမ်းတနားပြောတယ်။ နောက်ပြီး “ တော်တော် ကြောက်ဖို့ကောင်းတယ်။ ဒီရောဂါမှာ ကုတဲ့ဆေး မရှိဘူး။ ရောဂါဖြစ်လာရင် သေ မလား၊ရှင်မလားဆိုတာ ဝေခွဲရခက်တယ်” လို့လည်း ပြောပြန်တယ်။ အစိုးရဝန်ကြီးတွေရဲ့စကားတွေ နားထောင် ရတာနဲ့တင် တော်တော် အဆင်မပြေ ဖြစ်ရပါတယ်။ ဒီအချိန်မှာ ပြည်တွေ ထိတ်လန့် ကြောက်ရွံ့နေကြတယ်။ စိုးရိမ်သောက ရောက်နေကြတယ်။ အဲဒီအတွက် ရောဂါနဲ့ပတ်သက်ပြီး ဘယ်လိုတွေ ကြိုတင်ကာကွယ်ထားတဲ့ အကြောင်း၊ ရောဂါဖြစ်လာခဲ့ရင်လည်း ကုသဖို့ ဘယ်လိုတွေ လုပ်ဆောင်ထားကြောင်း၊ ပြည်သူတွေ အနေနဲ့ လည်း ဘယ်လိုတွေ ပြုမူနေထိုင်သင့်တဲ့ အကြောင်းတွေကို ပြောရမှာဖြစ်သလို တကယ်လည်း ပြင်ဆင် ဆောင် ရွက်ထားရမှာ မဟုတ်လား။

ကိုရိုနာဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်မျိုးနွယ်စုဖြစ်ပြီး မျိုးစိတ်အနေနဲ့ များပြားစွာ ရှိပါတယ်။ ဗိုင်းရပ်စ် အမျိုး အစားပေါ်မူတည်ပြီး သာမန်အအေးမိခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း အစရှိတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ဖြစ်ပွားလေ့ရှိတယ်။ ရောဂါပြင်းထန်သူတွေမှာ အဆုတ်ရောင်ရောဂါ၊ ဆားစ်ရောဂါ၊ မားစ်ရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်းဖြစ်ပွားပြီး အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်တယ်။ ဒီအတွက် ဗိုင်းရပ်စ်ကူးစက်မခံရအောင် အဓိကဆောင်ရွက်ဖို့ လိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရစေဖို့ ဖျားနာ၊ ချောင်းဆိုး၊ နှာချေသူများ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာ ခံစားနေရသူတွေနဲ့ အနီးကပ်နေထိုင်ခြင်းကနေ ရှောင်ကြဉ်ရမယ်။ လူထူထပ်တဲ့ နေရာတွေဆီ ဖြစ်နိုင်ရင် မသွားပါနဲ့။ မဖြစ်မနေ သွားရရင်လည်း နှာခေါင်းစည်းဝတ်တာ၊ ကျန်းမာရေးမကောင်းသူလို့ ယူဆရသူတွေနဲ့ ခပ်ဝေးဝေးမှာ နေတာ၊ လက်ကို ဆပ်ပြာ(သို့မဟုတ်) လက်သန့်ဆေးရည်နဲ့ ဆေးတာတွေ လုပ်သင့်ပါတယ်။ နှာချေ၊ ချောင်းဆိုးရာမှာ နှာခေါင်းနဲ့ ပါးစပ်လုံခြုံအောင် ဖုံးအုပ်ထားတဲ့ အဝတ်နဲ့ နှာခေါင်း စည်းကို အသုံးပြုရမယ်။ တိရစ္ဆာန်တွေနဲ့ မထိတွေ့ပါနဲ့။ ထိတွေ့ရင်လည်း အကာအကွယ်မရှိဘဲ တိုက်ရိုက် ထိတွေ့တာမျိုး ရှောင်သင့်ပါတယ်။ လူနာနဲ့တိုက်ရိုက်ထိတွေ့တာ၊ လူနာနဲ့ထိတွေ့တဲ့ အရာဝတ္ထုတွေကို ထိတွေ့ တာတွေ လုပ်ဆောင်ပြီးတိုင်း စနစ်တကျ လက်ဆေးရမယ်။ သတိရှိရှိနဲ့ ရောဂါကူးစက် မခံရအောင် နေထိုင်ရ မယ်။ မိမိကျန်းမာရေးကို ဂရုစိုက်မယ်။ ကိုယ်ခံအားကောင်းအောင်နေမယ်။ ရေများများသောက်မယ်။ အိပ်ရေး ၀၀ အိပ်မယ်။ စသဖြင့် ကိုယ်လုပ်နိုင်တဲ့ အလုပ်တွေကို ကျွန်တော်တို့ ကိုယ်တိုင် လုပ်ဆောင်ထားသင့်တယ်။

နိုင်ငံတော်အစိုးရကလည်း ဗိုင်းရပ်စ်ကူးစက်လာပါက ကုသနိုင်ဖို့ ပြင်ဆင်မှုတွေကို စနစ်တကျ ဆောင် ရွက်နေသလို နိုင်ငံတွင်းကို ဗိုင်းရပ်စ် ကူးစက်မလာနိုင်အောင် ကြိုတင်ဆောင်ရွက်မှုတွေကို ထိထိရောက် ရောက် လုပ်ဆောင်ထားရမယ်။ အထူးသဖြင့် နယ်စပ် ဝင်ပေါက်တွေ၊ လေဆိပ်တွေကို အထူးကြပ်မတ် စစ်ဆေး သင့်တယ်။ အခုလက်ရှိ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်သတင်းတွေနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြည်သူတွေ သိအောင် နည်းလမ်းအမျိုးမျိုးနဲ့ အဆက်မပြတ် ထုတ်လွှင့်ပေးသင့်သလို ပြည်သူတွေကလည်း လိုက်နာဆောင် ရွက်ရပါမယ်။ လက်တလောမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကောလာဟလသတင်းတွေ တွေ့နေရပါတယ်။ ပြည်သူတွေ ထိတ်လန့်နေတာကို အခွင့်အရေးယူပြီး ဆူပူအောင်လုပ်တာ၊ ငွေကြေးအမြတ်ထုတ်တာတွေ ဖြစ် လာနိုင်ပါတယ်။ ဖြစ်နေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ ဒါတွေ နိုင်ငံတော် အစိုးရအနေနဲ့ ဖော် ထုတ်အရေးယူဖို့ လိုပါတယ်။ သတင်းတွေကို ထိန်ချန်ထားတာ၊ သတင်းအမှားတွေကို ထုတ်ပြန်တာ၊ တာဝန်ယူ မှု တာဝန်ခံမှု ကင်းမဲ့တာမျိုးတွေကို နိုင်ငံတော်အစိုးရအနေနဲ့ မလုပ်ဆောင်သင့်ပါဘူး။ လုပ်ဆောင်တဲ့သူ ရှိရင် လည်း ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရစေရေး၊ ကူးစက် လာရင် ထိထိရောက်ရောက် ကုသမှုပေးနိုင်ရေးအတွက် အထူးစီမံချက်တစ်ခု ချမှတ်ပြီး စစ်ဆင်ရေးတစ်ခုလို ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန်ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။ ။
ရဲရင့်နှင်းဆီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။