Trending Now

အတာနှစ်ကူး ပြည်သူ့အမော ကင်းစင်ပါစေ

Spread the love

အတာနှစ်ကူး ပြည်သူ့အမော ကင်းစင်ပါစေ

EPN
အယ်ဒီတာအာဘော်၊ ၂၀၂၂ခုနှစ်၊ ဧပြီလ ၁၀

ကချင်ပြည်နယ်ရဲ့ ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကြီးကတော့ အောင်မြင်စွာ ပြီးဆုံးသွားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ အနာဂတ်လူငယ် မျိုးဆက်သစ်လေးတွေရဲ့ ဘဝတစ်ဆစ်ချိုး အောင်မြင်မှု ပန်းတိုင်တစ်ခုဆိုလဲ မမှားပါဘူး။ ကျောင်းသားမိဘတွေရဲ့ ရင်တွင်းအမောတွေကို အောင်မြင်စွာနဲ့ သက်ပြင်းချနိုင်တဲ့ အချိန်ကာလ တစ်ခုလို့ ပြောရမှာပါ။

ကလေးငယ်တွေ တက္ကသိုလ်ဝင်တန်း စဖြေမယ်ဆိုကတည်းက ရင်ထဲမှာ အပူလုံးကြွပြီး မစားနိုင်မအိပ်နိုင်နဲ့ ရင်ပူနေရတာက ကျောင်းသားမိဘတွေပါ။ မိမိရင်သွေး စာမေးပွဲကို ကောင်းစွာဖြေနိုင်ရေး စိုးရိမ်ပူပန်ရသလို စာမေးပွဲဖြေနေစဉ်အတွင်း ကြိုတင်မမြင်နိုင်တဲ့ ပြင်ပအန္တရာယ်တွေ ကျရောက်မှာကိုလည်း စာမေးပွဲကာလ အတွင်းမှာ နေ့စဉ်ပူပန်သောကတွေနဲ့ သားသမီးရှေ့ရေးအတွက် အားတင်းပြီး စောင့်မျှော်နေခဲ့ရတာပါ။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေနေစဉ် ကာလအတွင်းမှာလဲ ကျောင်းတွေနား လက်လုပ်မိုင်း ပေါက်ကွဲမှုတွေ၊ လက်လုပ်ဗုံး ပစ်ခတ်မှုကြောင့် ကျောင်းသားလေးတွေ ဒဏ်ရာရရှိခဲ့တဲ့ သတင်းတွေကလည်း ကျောင်းသား မိဘတွေရဲ့ ရင်တွင်းအပူမီးကို ပိုတိုးစေခဲ့တာပါ။ ယခုလို အနာဂတ်မျိုးဆက်သစ် ကျောင်းသား လူငယ်လေး တွေကို ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ချင်တဲ့ လူတစ်စုကြောင့် အနာဂါတ်မျိုးဆက်သစ်လေးတွေအတွက် ရင်လေးစရာ ကာလတစ်ခု ဖြစ်ခဲ့ရတာပါ။

လူငယ်တွေဆိုတာ အနာဂါတ် မျိုးဆက်သစ်တွေပါ။ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အနာဂါတ် ပျိုးပင်လေးတွေကို ရေလောင်းပေါင်းသင်ရမယ့်အစား အခုလို နိုင်ငံရေးမှိုင်းလုံးတွေနဲ့ တိုက်တာအားမရဘဲ အကြမ်း ဖက်မှုတွေနဲ့ပါ လုပ်ဆောင်လာခြင်းက အင်မတန်ဆိုးရွား လှပါတယ်။ အပြစ်ကင်းစင်လှတဲ့ ကျောင်းသား ကလေးငယ်တွေအပေါ် ပစ်မှတ်ထား လုပ်ရပ်တွေက အင်မတန် စက်ဆုပ်ရွံရှာဖွယ် ကောင်းပါတယ်။

ယခုနှစ် ကချင်ပြည်နယ်မှာ ကျင်းပပြုလုပ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကြီး ယခုလို အေးအေးချမ်းချမ်းနဲ့ အောင်မြင်စွာ ပြီးဆုံးခဲ့ခြင်းဟာလည်း အကြမ်းဖက်လုပ်ငန်းတွေကို အားမပေးတဲ့ပြည်သူတွေ ပူးပေါင်း ပါဝင်လာမှုရဲ့ အကျိုးဆက်တစ်ခုလို့လဲ ရှုမြင်ပါတယ်။ အေးချမ်းစွာနေလိုတဲ့ တိုင်ရင်းသားပြည်သူတွေရင်ထဲမှာ အကြမ်းဖက်မှုကို မလိုလားတာတော့ အထင်အရှားတွေ့မြင်နေရမှာပါ။ တာဝန်ရှိသူတွေကလည်း အကြမ်း ဖက်မှုတွေကို ထိထိရောက်ရောက်ကာကွယ်မှု ပြုပေးရန်လိုအပ်သလို ပြည်သူတွေကလည်းပူးပေါင်းပါဝင်မှသာ ဒီလို အကြမ်းဖက်လုပ်ရပ်တွေ အမြန်ဆုံး ရပ်တန့်နိုင်မှာပါ။

ယခုလို တက္ကသိုလ်ဝင်စာမေးပွဲကြီး အောင်မြင်စွာ ပြီးဆုံးနိုင်ခြင်းကလည်း ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ သူနာပြု၊ ကြက်ခြေနီ၊ ပရဟိတသမားများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ရပ်မိရပ်ဖများ၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် အေးချမ်းစွာပြီးဆုံးခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်မိပါသည်။

ယခုကာလက ရင်မောစရာတစ်ခု အဆုံသတ်သွားသော်လည်း ရင်လေးစရာ ကာလတစ်ခုရောက်ပြန်ပြီဟု ဆိုရမလိုဖြစ်နေသည်။ တက္ကသိုလ်ဝင်စာမေးပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်သော်လည်း မြန်မာနိုင်ငံရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ သင်္ကြန်ကာလကလည်း လွန်စွာနီးကပ်လာနေပါပြီ။ ခြိမ်းခြောက်စာ တွေကလည်း လူမှုစာမျက်နှာ ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း ပလူပျံနေအောင် တွေ့မြင်လာရသည်။

မြန်မာနိုင်ငံသား တိုင်းရင်းသားလူမျိုးများသည် ပျော်ပွဲရွှင်ပွဲများကို လွန်စွာခုံမင်ကြသော လူမျိုးများဖြစ်သည်။ ၂၀၁၉ ကိုဗစ်နိုင်တင်းရောဂါပိုး စတွေ့သည့်အချိန်မှစ၍ ပျော်ပွဲရွှင်ပွဲများ ပျောက်ဆုံးခဲ့ရသည်။ ထိုမှတစ်ဖန် နိုင်ငံရေးတင်းမာမှုများနှင့်ပါ ကြုံတွေ့လာရသည့်အခါ ပျော်ပွဲရွှင်ပွဲ မဆိုထားနှင့် ကျီးလန့်စာစား ဘဝသို့ပင် ရောက်မှန်းမသိ ရောက်ခဲ့ရသည်။ယခုလို အခြေအနေမျိုးတွင် တိုင်းရင်းသားလူမျိုးများ သင်္ကြန်ကာလ ပျော်ပွဲရွှင်ပွဲကို တောင့်တမိသည်မှာ လွန်သည်ဟု မဆိုသာပါ။ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ မိသားစုစားဝတ်နေရေးစသည့် အဖက်ဖက်မှ မွန်းကြပ်မှုများ နေ့စဉ်ကြုံတွေ့နေရသည့် အခြေအနေတွင် ယခုကာလမှာ စိတ်၏ သက်သာလိုသက်သာငြား ထွက်ပေါက်တစ်ခုအဖြစ် ရှုမြင်ပေးသင့်ပေသည်။ ယခု ကြုံတွေ့နေရသည်က နီးရာဓားကြောက်ဆိုသလို ပျော်ချင်သော်လည်း စိုးရိမ်ကြောက်ကြနေရသည့် အခြေအနေမျိုး ဖြစ်နေသည်။

ဘိုးစဉ်ဘောင်ဆက် သင်္ကြန်အငွေ့အသက်ဖြင့် ကြီးပြင်းခဲ့သော မြန်မာနိုင်ငံဖွား တိုင်းရင်းသားလူမျိုးများ ယခုလို နေ့ထူးနေ့မြတ်ကို မျှော်လင့်မိသည်မှာ လွန်မည်မထင်။ရိုးသားစွာ ပျော်ရွှင်လိုကြသည့် ပြည်သူများအား နိုင်ငံရေးအမြတ် မထုတ်စေလိုပါ။ ဒီမိုကရေစီကို လိုလားကြသည်ဟု ခံယူထားပါက ပြည်သူတို့၏ လွတ်လပ်ခွင့် ကိုလဲ ပိတ်ပင်၍မရပါ။ နိုင်ငံရေးအမြတ်ထုတ် ပြည်သူတွေကို ဓားစာခံသဖွယ် အသုံးပြုနေမှုများ ကိုလည်း မည်သည့်အဖွဲ့အစည်း ဖြစ်နေပါစေ ပြည်သူတွေက စက်ဆုပ်ရွံရှာ လာမည်သာဖြစ်သည်။ အနာဂတ် လှပစေရန် ပြည်သူ့ဆန္ဒကို အရေးပြုသင့်ပေသည်။ပြည်သူ့ဆန္ဒမပါသော မည့်သည့်ကိစ္စမှ ရေရှည်ရပ်တည်ရန် မလွယ်ကူပါ။

သင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံ၏ အထင်ကရပွဲတော်တစ်ခု ဖြစ်သကဲ့သို့ ရိုးယာယဉ်ကျေးမှုကို ဖော်ထုတ် ပြသသော ပွဲတော်တစ်ခုလည်း ဖြစ်ပေသည်။ရိုးယာယဉ်ကျေးမှုကို ထိန်းသိမ်းရာရောက်သလို တစ်နှစ်ပတ်လုံး ပင်ပန်းနွမ်းနယ်မှုများကို အတာရေအေးဖြင့် ဆေးကြောပေးသော ပွဲတော်တစ်ခုလည်းဖြစ်သည်။ နှစ်ဆန်း တစ်ရက်နေ့တွင်လည်း သက်ကြီးဘိုးဘွားများကို ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်းညှပ်ပေးခြင်း စသည့် ချစ်စဖွယ်အလေ့အထများဖြင့် ကမ္ဘာအရပ်ရပ်က စိတ်ဝင်တစားစောင့်ကြည့်ရသည့် ပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။

ထိုကဲ့သို့သော အတာရေသဘင် သင်္ကြန်ပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများ၊အန်ဂျီအို အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ပြည်သူများ စသဖြင့် အဖက်ဖက်မှ ဝိုင်းဝန်းပူးပေါင်း ကူညီမှသာလျင် အေးချမ်းသာယာသော အတာရေသဘင်ပွဲကို ဆင်နွှဲနိုင်မည် ဖြစ်ပါသည်။ ဒီမိုကရေစီကို အမှန်တကယ်လိုလားပြီး ပြည်သူ့ဆန္ဒကို ဦးထိပ်ထားဆောင်ရွက်ပါသည် ဆိုသည့်သူများ အနေဖြင့်လည်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ရှေးရှုလျက် ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး ရှေးရှုလျက် ရေးသားအကြံပြုလိုက်ရပါသည်။

အယ်ဒီတာအာဘော်
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။