Trending Now

မြစ်ကြီးနားတွင် ဈေးစည်းကမ်းများအား မလိုက်နာသည့် ဆိုင်ခန်းများအား ယာယီပိတ်သိမ်း အရေးယူ

Spread the love

မြစ်ကြီးနားတွင် ဈေးစည်းကမ်းများအား မလိုက်နာသည့် ဆိုင်ခန်းများအား ယာယီပိတ်သိမ်း အရေးယူ

EPN
မြစ်ကြီးနား ၊ ဇွန်လ ၁၁

COVID-19 ထိန်းချုပ်ကာကွယ်ရေး အခြေအနေအရ ချမှတ်ထားသည့် ဈေးစည်းကမ်းများကို မလိုက်နာသည့် မြစ်ကြီးနားမြို့ စည်ပင်သာယာဈေး အမှတ်(၁)၊ (၂)မှ ဆိုင်ခန်းများကို အရေးယူသည့် အနေဖြင့် ယာယီပိတ်သိမ်းခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

COVID-19 အရေးပေါ်ကာလကြောင့် မတ်လ ၃၁ ရက်နေ့မှ မေလ ၂၂ ရက်နေ့ အထိ ယာယီ ပိတ်ထားခဲ့သည့် မြစ်ကြီးနားမြို့ရှိ စည်ပင်သာယာဈေးများဖြစ်သည့် အမှတ်(၁၊ ၂) ဈေးများကို ကချင်ပြည်နယ် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ချမှတ်ထားသည့် ဈေးစည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်သည့် ဆိုင်ခန်း ၁၈ ခန်းကို ယာယီပိတ်သိမ်းကာ အရေးယူထားကြောင်း မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အမှုဆောင်အရာရှိ ဦးလှမိုးထံမှ သိရသည်။

“ကျနော်တို့အနေနဲ့ အသိပေး၊ ပညာပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်၊ ဈေးတွေ ပြန်ဖွင့်ဖို့အတွက် ဈေးကော်မတီ၊ ဈေးသူဈေးသားနဲ့ ညှိနှိုင်းမှု တွေလုပ်ခဲ့ပြီးပြီ၊ အခုထိတော့ ဈေး(၁) က ဆိုင်ခန်း ၁၂ ဆိုင်၊ ဈေး(၂)က ၆ ဆိုင် စုစုပေါင်း (၁၈)ဆိုင်ကို အရေးယူတဲ့အနေနဲ့ ယာယီပိတ်ခိုင်း ခဲ့ပါတယ်။’’ ဟု မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးလှမိုးက ပြောသည်။

လက်ရှိတွင် အမှတ်(၁)၊ အမှတ်(၂) စည်ပင်ယာဈေးတွင် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဈေးဆိုင်များသို့ ချမှတ်ထားသည့် စည်းကမ်းချက်များ လိုက်နာမှု (၉၀) ရာခိုင်နှုန်း အထက် ရှိကြောင်း ဦးလှမိုးက ဖြည့်စွက် ပြောပြသည်။

အမှတ်(၁)ဈေးအတွင်း ဈေးရောင်းချနေသည့် ဈေးသည်တစ်ဦး “ဆိုင်တွေ မဖွင့်ရတာနဲ့ စာရင်တော့၊ အခုလို စည်းကမ်းတွေနဲ့ စနစ်တကျဖွင့်ပေးတာ ကောင်းပါတယ်၊ အစ်မတို့အတွက် အရင်ကလို ရောင်းအား မကောင်းသေးပေမဲ့ အဆင်ပြေပါတယ်။ အခုလိုစည်းကမ်းတွေနဲ့ ဖွင့်တယ်၊ mask တွေ တပ်ခိုင်းတယ် ဆိုတာ ကိုယ်တွေအတွက်၊ ရောဂါကာကွယ်နိုင်ဖို့ ပြောတာဖြစ်တယ်၊ အဲ့ဒါကြောင့် လိုက်နာသင့်ပါတယ်။” ဟုဆိုသည်။

မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေနှင့် အဆိုပါ အရေးမှုများကို ဖြေလျော့ပေးခဲ့သော်လည်း ဈေးရောင်း/ဈေးဝယ်များ ကူးစက်အန္တရာယ် ကင်းရှင်းစေရေးအတွက် စည်းကမ်းပိုင်းနှင့် ပတ်သက်၍ နေ့စဉ် စောင့်ကြည့်ရှုပေးလျှက်ရှိကြောင်း သိရသည်။

ဝေယံ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။