Trending Now

အသက်ကြီးရွယ်အို ဘိုးဘွားများအား COVID-19 ကာလ ထပ်ဆောင်း ထောက်ပံ့ကြေးငွေများ ပေးအပ်

Spread the love

အသက်ကြီးရွယ်အို ဘိုးဘွားများအား COVID-19 ကာလ ထပ်ဆောင်း ထောက်ပံ့ကြေးငွေများ ပေးအပ်

EPN
မြစ်ကြီးနား၊ ဇွန် ၁၆

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက် (၂၈)ရပ်ကွက် အတွင်းရှိ အသက်(၈၅)နှစ် အထက် အသက်ကြီးရွယ်အို ဘိုးဘွားများအတွက် လူမှုဝန်ထမ်း ဦးစီးဌာနက COVID-19 ကာလအတွင်း ထပ်ဆောင်းထောက်ပံ့မည့် ထောက်ပံ့ကြေးငွေများကို ယနေ့၊ ဇွန် ၁၆ ရက်နေ့၊ နံနက်ပိုင်းက မြစ်ကြီးနားမြို့နယ် စုပေါင်းရုံး၌ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်းဦးစီးဌာန အနေနှင့် ၂၀၁၇ ခုနှစ်က စပြီး အသက် (၈၅)နှစ် အထက် ဘိုးဘွားများကို လူမှုရေးပင်စင်အနေဖြင့် တစ်လတစ်သောင်း နှုန်းဖြင့် သုံးလ တစ်ဖြတ် ပုံမှန် ထောက်ပံ့ပေးလျှက်ရှိပြီး ယခုအခါတွင် COVID-19 ကာလအတွက် သီးသန့် အပိုဆောင်း ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

“အခုပေးတာကတော့ လူမှုရေး ပင်စင် ဧပြီ၊ မေ၊ ဇွန် လတွေအတွက် သုံးလစာ ထောက်ပံ့ငွေ ၃သောင်းနဲ့အတူ COVID-19 ကာလအတွက် အပိုထပ်ဆောင်း ထောက်ပံ့ကြေးငွေ ၃သောင်း စီ ထပ်ပေးတာ ဖြစ်ပါတယ်” ဟု ဦးသန်းဝင်းက ဆိုသည်။

COVID-19 ကာလ အလွန်တွင်လည်း ဘိုးဘွားများအတွက် ထောက်ပံ့ပေးအပ်သည့် အစီအစဉ်ကို နိုင်ငံတော်အစိုးရရဲ့ ညွှန်ကြားချက်များနှင့်အတူ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးသန်းဝင်းက ထည့်သွင်းပြောဆိုခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သည့် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားသို့ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေ၀င်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တက်ရောက်ခဲ့ကြောင်း သိရသည်။

လက်ရှိ မြစ်ကြီးနားမြို့ပေါ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးရွယ်အို အဘိုး (၄၂၅)ဦး၊ အဘွား (၄၅၄) ဦး စုစုပေါင်း (၈၇၉)ဦး ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မှ သိရသည်။

မင်းမင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။