Trending Now

ကလေးများ၏ ဥပဒေပါ အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် ပြည်သူလူထုတစ်ရပ်လုံးတွင် တာဝန်ရှိကြောင်း ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီးပြောကြား

Spread the love

ကလေးများ၏ ဥပဒေပါ အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် ပြည်သူလူထုတစ်ရပ်လုံးတွင် တာဝန်ရှိကြောင်း ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီးပြောကြား

EPN
မြစ်ကြီးနား နိုဝင်ဘာ ၁၁

ကချင်ပြည်နယ်အတွင်းရှိ ကလေးသူငယ်များအနက် အထူးကာကွယ်စောင့်ရှောက်ရန် လိုအပ် သော ကလေးများ၏ ဥပဒေပါ အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် ပြည်သူလူထုတစ်ရပ်လုံးတွင် တာဝန်ရှိကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ ယနေ့ နိုဝင်ဘာလ (၁၁)ရက်နေ့က မြစ်ကြီးနားမြို့ရှိ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးတွင်ပြောကြားခဲ့သည်။

ယင်းအခမ်းအနားတွင် ကချင်ပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဌ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အဖွင့်အမှာ စကားပြောကြားရာတွင် ပြည်နယ်အတွင်းရှိ ကလေးသူငယ်များ၏ အခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များ အပြည့်အဝရရှိခံစားပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ ကော်မတီဝင်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

“ ကလေးသူငယ်များအနက် အထူးကာကွယ်စောင့်ရှောက်ရန် လိုအပ် သော ကလေးများဖြစ်တဲ့ စစ်ဘေးသင့်ကလေးသူငယ်များ၊ သဘာဝ ဘေးသင့်တဲ့ကလေးသူငယ်များ၊ မသန်စွမ်းကလေးသူငယ်များ၊ လူကုန် ကူးခံရတဲ့ကလေးသူငယ်များ၊ တောင်းရမ်းစားသောက်နေသော ကလေး သူငယ်များ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ ကလေးသူငယ်များ၊ လွဲမှားစွာပြုကျင့်ခံရတဲ့ကလေးသူငယ်များ၊ လစ်လျူရှုခံရတဲ့ ကလေး သူငယ်များ၊ ခေါင်းပုံဖြတ်ခံရတဲ့ ကလေးသူငယ်များ၊ အကြမ်းဖက်မှု ပုံစံအမျိုးမျိုး ခံစားနေရတဲ့ကလေးသူငယ်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရတဲ့ကလေးသူငယ်များကို ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ဥပဒေပါအခွင့်အရေးများအတိုင်း အခွင့်အရေး အပြည့်အဝရရှိစေရန်အတွက် ကာကွယ်စောင်ရှောက်ရမှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ တာဝန်သာဖြစ်တယ်” ဟု ယင်းအစည်းအဝေးတွင် ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြောကြားခဲ့သည်။

အဲ့ဒီနောက် ပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး၊ ကချင်ပြည်နယ် လူမှူဝန်ထမ်းဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်က ကလေးသူငယ် အခွင့်အရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ကလေးသူငယ်များ၏ အခွင့်အရေးများအပြည့်အဝရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်း ဥပဒေအရ ရင်ဆိုင်နေရသည့် ကလေးမှုခင်းများအရ ယခုနှစ် (၂၀၂၂)ခုနှစ်တွင် မူခင်းပေါင်း (၅၁)မှု အထိရှိနေကာ သက်ငယ် မဒိန်းမှု (၁)မှု ပါဝင်နေကြောင်း ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ စာရင်းများအရသိရသည်။
ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။