Trending Now

ဖူကူရှီးမားနျူကလီးယားစက်ရုံက ရေဆိုးတွေ စွန့်ပစ်မယ့် အစီအစဉ်ကိုထောက်ခံခဲ့တဲ့ ကုလသမဂ္ဂရဲ့ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ကို မြောက်ကိုရီးယားက ပြစ်တင်ရှုတ်ချ

Spread the love

ဖူကူရှီးမားနျူကလီးယားစက်ရုံက ရေဆိုးတွေ စွန့်ပစ်မယ့် အစီအစဉ်ကိုထောက်ခံခဲ့တဲ့ ကုလသမဂ္ဂရဲ့ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ကို မြောက်ကိုရီးယားက ပြစ်တင်ရှုတ်ချ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၀

ဂျပန်နိုင်ငံ ဖူကူရှီးမားနျူကလီးယားစက်ရုံက ရေဆိုးတွေ စွန့်ပစ်မယ့် အစီအစဉ်ကို သဘောတူညီခဲ့တဲ့ ကုလသမဂ္ဂရဲ့ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ကို မြောက်ကိုရီးယားက တနင်္ဂနွေနေ့က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

နိုင်ငံတကာ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့က ဖူကူရှီးမားနျူကလီးယားစက်ရုံက ရေတွေကို လာမယ့် ဆယ်စုနှစ်အနည်းငယ်အတွင်း ပင်လယ်ပြင်ထဲကို စွန့်ပစ်သွားမယ့် ဂျပန်နိုင်ငံရဲ့ အစီအစဉ်ကို အတည်ပြုပေးခဲ့ပါတယ်။

ဒီအစီအစဉ်နဲ့ ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံတွေမှာ စိုးရိမ်မှုတွေ မြင့်တက်လာပြီး ” စွန့်ပစ်ရေတွေကြောင့် လူသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ် နဲ့ ဂေဟဗေဒဆိုင်ရာ သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိလာလိမ့်မယ်” လို့ မြောက်ကိုရီးယား သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

“အရေးကြီးတာက IAEA က ဂျပန်နိုင်ငံရဲ့ နျူကလီးယား ညစ်ညမ်းတဲ့ ရေတွေကို စွန့်ထုတ်ဖို့ ကူညီဆောင်ရွက်ပေးတယ်ဆိုတော့ စိတ်ကူးယဉ်လို့တောင်မရနိုင်တဲ့ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အပြုအမူတွေပါပဲ” လို့ မြောက်ကိုရီးယား သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နျူကလီးယားစက်ရုံ အအေးပေးဖို့အတွက် အသုံးပြုတဲ့ မြေအောက်ရေ၊ မိုးရေနဲ့ ရေ ကုဗမီတာ ၁ ဒသမ ၃၃ သန်းခန့်ဟာ ၂၀၁၁ ခုနှစ် ဆူနာမီရေလွမ်းမိုးခဲ့ပြီးတဲ့နောက် စက်ရုံအတွင်းမှာ စုပုံနေခဲ့တာဖြစ်ပြီး ရေလွမ်းမိုးမှုကြောင့် ဓာတ်ပေါင်းဖိုအများအပြား အရည်ပျော်သွားခဲ့ပါတယ်။

စက်ရုံက ထရီတီယမ်က လွဲလို့ ရေဒီယိုသတ္တိကြွဒြပ်စင်အားလုံးနီးပါးကို ဖယ်ရှားဖို့ ကြိုးစာနေပြီး သမုဒ္ဒရာထဲကို မစွန့်ထုတ်မီ ရေကို သန့်စင်ပေးနေတယ်လို့ ဆိုပါတယ်။

IAEA အကြီးအကဲ Rafael Grossi က သုံးရက်ကြာသွားရောက်ခဲ့တဲ့ တောင်ကိုရီးယား ခရီးစဉ်အတွင်းမှာ ပင်လယ်ထဲကို စွန့်ပစ်မယ့် ကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး လုပ်ဆောင်ချက်အားလုံးကို အနီးကပ် စောင့်ကြည့်နေတယ်လို့ တွစ်တာမှာ ပြောဆိုထားပါတယ်။

ပျက်စီးသွားတဲ့ ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံက ရေတွေကို စွန့်ထုတ်မယ့် အစီအစဉ်ခွင့်ပြုချက်နဲ့ ပတ်သက်ပြီး တောင်ကိုရီးယား အတိုက်အခံ လွှတ်တော်အမတ်တွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ဆန္ဒပြသူတွေက အော်ဟစ်ခဲ့ကြပါတယ်။

ဒီအစီအစဉ်အပေါ် စိုးရိမ်မှုတွေ ရှိနေတာကို နားလည်ကြောင်း ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲက ပြောကြားခဲ့ပြီး ဘေးကင်းရေး စံနှုန်းတွေနဲ့အညီ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“(သန့်စင်ထားတဲ့ စွန့်ပစ်ရေ) က ဘေးကင်းတယ်လို့ ထင်ရင်၊ ပင်လယ်ထဲမှာ စွန့်ပစ်မယ့်အစား အဲဒီရေကို ဂျပန်အစိုးရအနေနဲ့ သောက်သုံးဖို့ ဒါမှမဟုတ် စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေး ရည်ရွယ်ချက်တွေအတွက် အသုံးပြုဖို့ အကြံပြုလိုသလားလို့ တွေးမိပါတယ်” လို့ တောင်ကိုရီးယား ဒီမိုကရက်တစ်ပါတီ အမတ်တဦးက Grossi ကို ပြောပါတယ်။

စွန့်ပစ်ရေအစီအစဉ်ကို ဖျက်သိမ်းဖို့နဲ့ ရေရှည်သိုလှောင်မှုအပါအဝင် စွန့်ပစ်ရေတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ပိုမိုဘေးကင်းတဲ့ နည်းလမ်းတွေကို ရှာဖွေဖို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ဂျပန်နိုင်ငံကို တောင်ကိုရီးယား အတိုက်အခံအမတ်တွေက တောင်းဆိုထားပါတယ်။

Ref; FN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။