Trending Now

ပန်းဥယျာဉ်လူမှုကူညီရေးအဖွဲ့အနေနှင့် နယ်လှည့်ဆေးကုသရေးများပြုလုပ်ရာတွင် ဆေးဝါးဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ဆေးဝါမလုံလောက်မှုနှင့်ကြုံတွေ့နေရ

Spread the love

ပန်းဥယျာဉ်လူမှုကူညီရေးအဖွဲ့အနေနှင့် နယ်လှည့်ဆေးကုသရေးများပြုလုပ်ရာတွင် ဆေးဝါးဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ဆေးဝါမလုံလောက်မှုနှင့်ကြုံတွေ့နေရ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာလ ၄

ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် နယ်လှည့်ဆေးကုသရေးများပြုလုပ်လျှက်ရှိသည့် ပန်းဥယျာဉ် လူမှုကူညီရေးအဖွဲ့အနေဖြင့် ဆေးဝါးဈေးနှုန်းများမြင့်တက်လာမှုကြောင့် ဆေးဝါး မလုံလောက်မှုများနှင့် ကြုံတွေ့နေရပြီး ဆေးဝါးလိုအပ်ချက်များ ရှိနေကြောင်း သိရသည်။

ယင်းအဖွဲ့အစည်းမှာ တစ်လလျှင် တစ်ကြိမ် ပူတာအိုမြို့နယ် တစ်ဝိုက်ရှိ ကျေးရွာများရှိ နာမကျန်းသူများနှင့် သက်ကြီးရွယ်အိုများကို ဆေးကုသမှုများပြုလုပ်ပေးလျှက်ရှိကာ ယခုကာလ ဆေးဝါးဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ဆေးဝါးများ မလုံလောက်မှုများဖြင့်ကြုံတွေ့နေရကြောင်း ပန်းဥယျာဉ် လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အခုက ဆေးဝါးတွေ ဝယ်ရတာ ဈေးနှုန်းမြင့်တက်နေတော့ ၊ အရင်က ဝယ်သလောက်ငွေကြေးပမာဏနဲ့ ဝယ်လိုမရတော့ဘူး၊ အဲ့တော့ ဆေးဝါလိုအပ်ချက်တွေဖြစ်လာတယ်။ကျနော်တို့ အနေနဲ့က တစ်လကို တစ်ကြိမ်တော့ မဖြစ်မနေ နယ်လှည့် ဆေးကုသမှုတွေ ပြုလုပ်ပေးတယ်၊ အရင်က တစ်ခါထွက်ရင် လေး၊ငါးရွာလောက်ကို ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်နိုင်ခဲ့ပေမဲ့ ၊အခုကာလမှာ တော့ ဆေးဝါးလုံံလောက်မှုမရှိတာကြောင့် တစ်ခါထွက် တစ်ရွာလောက်ပဲ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တယ်၊ အဲ့တစ်ရွာမှာလဲ အရေးကြီးတဲ့ လူနာတွေကိုပဲ အဓိကထား ဆေးကုသပေးနေရတယ်” ဟု ၎င်းကပြောသည်။

ယခင်က ဆေးဝါး (၁၀)သိန်းခန့် ဝယ်ယူရာတွင် ဆေးဝါးလုံလောက်မှုများရှိခဲ့သော်လည်း .ယခုဆေးဝါးဈေးနှုန်းများမြင့်တက်မှုကြောင်း ဆေးဝါး တစ်ခါဝယ်ယူလျှင် ငွေကျပ် သိန်း (၂၀)မှာ (၃၀)အထိ ဝယ်ယူနေရကြောင်းနှင့် အလှူရှင်နည်းပါးမှုများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

လက်ရှိတွင် ရာသီဥတု အကူးအပြောင်းကာလအကြား ကျေးရွာအချို့တွင် နာမကျန်းလူနာများ များပြားလျက်ရှိပြီး ယင်းလူနာများအတွက် အလျှင်အမြန် ဆေးကုသမှုများ ပြုလုပ်ပေးနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

“ အခုလို ရာသီဥတု အကူးအပြောင်းမှာ ဖျားနာတဲ့သူတွေများလာတယ်လို ကျေးရွာဘက်တွေက နေကြားသိရတယ်၊ ကျေးရွာတွေမှာက ဆေးဝယ်မယ်ဆိုရင်လဲ၊ ဆေးရုံဆေးခန်းမရှိတာတွေကြောင့်၊ တစ်ချို့တွေက အိမ်မှာပဲ ဆေးမှီးတိုတွေနဲ့ကုကြတယ်၊ ဒီလို ကုသနေရင်းကနေ အခြေအနေဆိုးပြီး အသက်ဆုံးရှုံးရတာတွေလဲ ကြားသိရတယ်၊ ကျနော်တို့အနေနဲ့လည်း ရှိသလောက် ဆေးတွေနဲ့ ကျေးရွာဘက်တွေကို သွားနိုင်အောင်ကြိုးစားနေကြပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ပန်းဥယျာဉ် လူမှုကူညီရေးအဖွဲ့၊ နယ်လှည့် ဆေးကုသရေးအဖွဲ့အနေဖြင့် ပူတာအို တစ်ဝိုက် ကျေးရွာများသို့ နယ်လှည့်ဆေးကုသမှုများကို ဆောင်ရွက်လျှက်ရှိသည်မှာ လေးနှစ်ခန့်ကြာမြင့်နေပြီဖြစ်ကာ လက်ရှိတွက် ဆေးဝါးဈေးနှုန်းများနှင့် ဆေးမလုံလောက်မှုများကြောင့် နှစ်လခန့် ယာယီရပ်နားထားကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။