Trending Now

မြေမြင့်ရပ်ကွက်တွင် ခြံတံခါးဖောက်ဝင်ပြီး ဆိုင်ကယ်တစ်စီး ခိုးယူသွား

Spread the love

မြေမြင့်ရပ်ကွက်တွင် ခြံတံခါးဖောက်ဝင်ပြီး ဆိုင်ကယ်တစ်စီး ခိုးယူသွား

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၁ (၂၀၂၃)

မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်ရှိ နေအိမ် တစ်အိမ်တွင် ခြံဝင်းတံခါးဖောက်ဝင်ပြီး ဆိုင်ကယ်တစ်စီး ခိုးယူခံရသည့် ဖြစ်စဉ်တစ်ခု ယနေ့ နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အခိုးခံရသည့် အိမ်ရှင်ထံမှ သိရသည်။

ဖြစ်စဉ်မှာ နေအိမ် ခြံဝင်း အတွင်းတွင် ဆိုင်ကယ်အား သံကြိုးများဖြင့် သော့ခတ်ခဲ့သည့်အပြင် ခြံဝင်းတံခါးလည်း သော့ခတ် ထားခဲ့သော်လည်း ခြံသော့ အား သော့အတုဖြင့် ဖွင့်ကာ အိမ်အတွင်းရှိ စကူပီ OWL (အဖြူရောင်) တစ်စီးကို ခိုးယူ သွားကြောင်း ဆိုင်ကယ်ပိုင်ရှင်မှ ပြောပြသည်။

“ဆိုင်ကယ် ခိုးသွားတာက မနက်ပိုင်းလောက်ကပဲ ဖြစ်မယ်။ ည ၁ နာရီလောက်က စစ်ကြည့်တော့လည်း ဆိုင်ကယ်က ရှိသေးတယ်။ အဲ့နောက်ပိုင်း အသံကြားလို့ ထွက်ကြည့်ရင်း အောက်ထပ်ကိုလည်းသွားကြည့်ရော ဆိုင်ကယ်က မရှိတော့ဘူး။ သံကြိုးတွေနဲ့ ချည်ပြီးသော့ခတ် ထားတာတွေ အကုန်ဖွင့်သွားတယ်။ ခြံတံခါးသော့ကို လည်း သော့ အတုနဲ့ ဖွင့်ပြီး တခြားသော့တစ်ခုနဲ့ ပြန်ခပ်ထားတယ်။ အိမ်က သော့နဲ့ ဖွင့်တာ ခြံတံခါးသော့ကဖွင့်လို့တောင် မရတော့ဘူး၊ သူခိုးက ကျွန်မတို့ ဆိုင်ကယ်ထားတဲ့နေရာနဲ့ ခြံတံခါးသော့ ပုံစံတွေကအစ သိထားတော့ သေချာစောင့်ကြည့်ပြီး ခိုးသွားတာလို့ သုံးသပ်ရတယ်” ဟု ၎င်း က ဆိုသည်။

အဆိုပါ ခိုးယူသွားသည့် ဆိုင်ကယ်အား ဝယ်ယူထားသည်မှာ မကြာသေးကြောင်းနှင့် သွားရေးလာရေး လိုအပ်နေသည့် အတွက် မြို့အတွင်း မောင်းနှင်နေသည် ဖြစ်စေ၊ လာရောက် ရောင်းချ ပေါင်နှံသည်ဖြစ်စေ တွေ့ရှိပါက (၀၉ ၆၈၇ ၆၁၄ ၃၀၉) နံပါတ်သို့ ဆက်သွယ် အကြောင်းကြားပေးပါရန် ပိုင်ရှင်မှ တောင်းဆိုထားသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။