Trending Now

နောင်မွန်းမြို့တွင် လယ်ကွင်းများပျက်စီးမှုမရှိစေရန် ဌာနဆိုင်ရာများနှင့် တောင်သူများမှ ဆန်ခွမ်းချောင်းရှင်းလင်းခြင်းနှင့် ရေကာတာများဆောင်ရွက်

Spread the love

နောင်မွန်းမြို့တွင် လယ်ကွင်းများပျက်စီးမှုမရှိစေရန် ဌာနဆိုင်ရာများနှင့် တောင်သူများမှ ဆန်ခွမ်းချောင်းရှင်းလင်းခြင်းနှင့် ရေကာတာများဆောင်ရွက်

EPN
မြစ်ကြီးနား၊ ဇွန် ၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် လယ်ကွင်းများပျက်စီးမှုမရှိစေရန် ဌာနဆိုင်ရာများနှင့် တောင်သူများပူးပေါင်းပြီး ဆန်ခွမ်းချောင်းရှင်းလင်းခြင်းနှင့် ရေကာတာများဆောင်ရွက်ခြင်းကို ဇွန်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

နောင်မွန်းမြို့နယ်များတွင် ဇွန်လအတွင်းမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လယ်ကွင်းအချို့ရေနစ်မြုပ်ခဲ့ရသည့်အတွက် ဆက်လက်ပြီး ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရန် ဆန်ခွမ်းချောင်းရိုးတစ်လျှောက် ရေမြောင်းရှင်းလင်းခြင်းလုပ်ငန်းနှင့် ရေကာတာများ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းမှာ မိုးတွေရွာတော့ ချောင်းရေတွေကြီးပြီး လယ်ဧကတွေ ပျက်စီးသွားတာတွေရှိတယ်။ ဒါကြောင့် အခုလည်း ထပ်ပြီးပျက်စီးမှုတွေမရှိရလေအောင်ဆိုပြီး နောင်မွန်းမြို့ရဲ့ တာဝန်ရှိသူတွေနဲ့ ဒေသခံပြည်သူတွေပူးပေါင်းပြီးတော့ ဆန်ခွမ်းချောင်းကို ရေမြောင်းဖောက်တာတို့ ရေမဝင်နိုင်အောင် ဝါးတွေနဲ့ကာတာမျိုး စတဲ့အရာတွေကို အတူတကွလုပ် ဆောင်ကြတာပါ ” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တောင်သူများစုစုပေါင်းအင်အား (၁၀၀) ခန့်ဖြင့် ချောင်းရိုးတစ်လျှောက်‌ ရေစီးကြောင်း‌ ကောင်းမွန်စေရန် အမိုက်များ၊ ကျောက်တုံးများရှင်းလင်းခြင်း၊‌ ရေလမ်းကြောင်းဖော်ခြင်း၊ ရေ‌ကျော်မှုမဖြစ်‌ပေါ်စေရန် ဝါးထရံ ရေကာတာများ ပြုလုပ်ခြင်းနှင့်ချောင်းကမ်းပါးတစ်လျှောက် ကျောက်စီခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နောင်မွန်းမြို့နယ်များတွင် ဇွန်လအတွင်းမိုးရွာသွန်းမှု‌ကြောင့် ဆန်ခွမ်းချောင်း‌ ရေကြီးပြီး ဆန်ခွမ်းကွင်းရှိလယ် (၁၀) ဧကရေနှစ်မြုပ်ခဲ့ကာ အခြားသော ကဆန်ချောင်း၊ နရန်ချောင်းနှင့် ထန်းချောင်းတို့ရေကြီးရေလျှံမှုများကြောင့်လည်း နောင်မွန်းမြို့နယ်တွင် လယ် (၉၁) ဧက၊ ယာ (၁၄) ဧကစုစုပေါင်း (၁၀၅) ဧကရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။