Trending Now

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်း အဝေး မြန်မာနိုင်ငံ ပါဝင် တက်ရောက်နိုင်မည်မဟုတ်

Spread the love

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်း အဝေး မြန်မာနိုင်ငံ ပါဝင် တက်ရောက်နိုင်မည်မဟုတ်

EPN

မြစ်ကြီးနား၊ဖေဖော်ဝါရီ ၁၅

လာမည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသည် အာဆီယံတွင် နိုင်ငံတိုင်း တန်းတူရည်တူ ပါဝင်တက်ရောက် ခွင့်ရှိရေးဟူသည့် မူနှင့်ထုံးတမ်းစဉ်လာများကို သွေဖည်နေသည့်အတွက် မြန်မာနိုင်ငံမှ ပါဝင် တက်ရောက်နိုင်မည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး ပါဝင်တက်ရောက်နိုင်ရေး အာဆီယံဥက္ကဋ္ဌအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အချို့အာဆီယံအဖွဲ့ဝင်နိုင်ငံများက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးတွင် ယခင်အာဆီယံ အလှည့်ကျဥက္ကဋ္ဌက တစ်ဖက်သတ် ဆုံးဖြတ်ခဲ့သည့် မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုသာဖိတ်ကြားသွားရန် ဆုံးဖြတ်ချက်ကို ဆက်လက် ဆုပ်ကိုင်ထားသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဆုံးဖြတ်ချက်သည် နိုင်ငံများ၏ အချုပ် အခြာအာဏာ ပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှုစသည့် အာဆီယံပဋိညာဉ်စာတမ်း၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲရေးမူကြီး (၅)ချက်၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် မြန်မာနိုင်ငံခြားရေးမူဝါဒတို့နှင့် သွေဖည်နေသည့်အတွက် ပြီးခဲ့သည့်နှစ် အောက်တို ဘာလက ကျင်းပခဲ့သည့် (၃၈)ကြိမ်နှင့် (၃၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများတွင် မြန်မာနိုင်ငံက ပါဝင် တက်ရောက်နိုင်မှု မရှိခဲ့ခြင်းဖြစ်ကြောင်းလည်းဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံကလက်ခံ ကျင်းပသွားမည်ဖြစ်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့ စုံညီစွာ ပါဝင် တက်ရောက်ရန် အာဆီယံဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံက ကြိုးပမ်း ဆောင်ရွက်မှုကိုလည်း မြန်မာက အသိအမှတ်ပြုကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

၎င်းအပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ တန်းတူရည်တူရှိရမည့် “မူ” နှင့်အညီ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်နိုင်ငံများနှင့် အပြုသဘော ဆက်လက်ထိတွေ့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇက်ကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။