Trending Now

ဓာတ်အားလိုင်းနှင့် လွတ်ကင်းမှု မရှိသည့် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းမည်ဖြစ်၍ ဖားကန့်၌ သုံးရက်ကြာ အချိန်ပိုင်း မီးပျက်မည်

Spread the love

ဓာတ်အားလိုင်းနှင့် လွတ်ကင်းမှု မရှိသည့် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းမည်ဖြစ်၍
ဖားကန့်၌ သုံးရက်ကြာ အချိန်ပိုင်း မီးပျက်မည်

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၀

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ယနေ့ ဒီဇင်ဘာလ (၂၀)ရက်နေ့မှ စတင်ကာ (66) kV ဓာတ်အားလိုင်း ပြုပြင်မှုများပြုလုပ်မည်ဖြစ်သဖြင့် (၃)ရက်ကြာ အချိန်ပိုင်း မီးပျက်တောက်မည်ဖြစ်ကြောင်း ဖားကန့်မြို့နယ် လျှပ်စစ်ဌာနမှ သိရသည်။

မိုးကောင်မြို့မှ ဖားကန့်မြို့သို့ ဓာတ်အားသွယ်တန်းထားရှိသည့် (66)kV လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်မှုများ၊ လျှပ်စစ်ဓာတ်ကြိုးများနှင့် လွတ်ကင်းမှုမရှိသည့် သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းမည် ဖြစ်သည့်အတွက် ဒီဇင်ဘာလ (၂၀)ရက်နေ့မှ (၂၃)ရက်နေ့အထိ သုံးရက်ကြာ နံနက် (၁၀)နာရီမှ ညနေ (၄)နာရီခွဲအထိ လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ဖားကန့်မြို့နယ်၊ လျှပ်စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“မိုးကောင်း – ဖားကန့် သွယ်တန်းထားတဲ့ (66)kV ဓာတ်အားလိုင်းတစ်လျှောက်မှာရှိတဲ့၊ လျှပ်စစ်ဓာတ်အားလိုင်းနဲ့ လွတ်ကင်းမှုမရှိတဲ့ သစ်ပင်၊ သစ်ကိုင်း၊ ခြုံ၊ နွယ်ပင်တွေကို ရှင်းလင်းရေးလုပ်သွားမှာဖြစ်တယ်၊ ညအချိန်တော့ မီးလွတ်ပေးပြီး နေ့ခင်းဘက်တွေမှာ မီးပျက်တောက်မယ်၊ (၃)ရက်ကြာ ရှင်းလင်းမှုတွေပြုလုပ်မှာဖြစ်တယ်” ဟု ၎င်းကပြောသည်။

အဆိုပါ (66kV) ဓာတ်အားလိုင်းပြုပြင်ရှင်းလင်းမှုများကြောင့် ဖားကန့်မြို့ပေါ်ရပ်ကွက်များအပါအဝင်၊ ဆိုင်းတောင်ကျေးရွာအုပ်စု၊ လုံးခင်းကျေးရွာအုပ်စုများ စုစုပေါင်း ကျေးရွာ (၂၀)ခန့်တွင် မီးပျက်တောက်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ သြဂုတ်လ (၉)ရက်နေ့ခန့်ကလည်း (66)kV ဓာတ်အားလိုင်း အနီး ဒေသခံပြည်သူများမှ စည်းကမ်းမဲ့စွာ သစ်ပင်ခုတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်း ပျက်တောက်မှုများဖြစ်ပေါ်ခဲ့ပြီး (၄)ရက်ကြာ လျှပ်စစ်မီးပျက်တောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။