Trending Now

အရာတော်မြို့နယ်မှာ ပေါက်ကွဲမှုဖြစ်ပြီး ကွမ်းရွက်တောင်သူ ၁ ဦးသေ ၊ ၂ ဦးဒဏ်ရာရ

Spread the love

အရာတော်မြို့နယ်မှာ ပေါက်ကွဲမှုဖြစ်ပြီး ကွမ်းရွက်တောင်သူ ၁ ဦးသေ ၊ ၂ ဦးဒဏ်ရာရ
EPN
အရာတော် ၊ ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာမှာ ယမန်နေ့ (ဒီဇင်ဘာ ၂၀ ရက်) မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး ကွမ်းစိုက်တောင်သူ ၁ ဦးသေ ၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” ကွမ်းရွက်ခူးဖို့သွားတဲ့ တောင်သူ ၃ ဦးဖြစ်တာပါ၊ အမျိုးသား ၁ ဦး သေဆုံးပြီး၊ အမျိုးသမီး ၂ ယောက် ဒဏ်ရာရတာဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမား တစ်ယောက်က ပြောပါတယ်။
အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး အရာတော်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်က ” ငွေတွင်းကျေးရွာမှာနေတဲ့ ဒေါ်မိကြူ (၄၁) နှစ်၊ မခင်မာဖြိုး (၂၀) နှစ်နှင့် မောင်ဇော်သန့် (၁၉) နှစ်တို့ ၃ ဦးဟာ၊ ကျေးရွာရဲ့ အရှေ့ဘက် တောင်ခြေရှိ ကွမ်းစိုက်ခင်းမှာ ကွမ်းရွက်ခူးဖို့ ဆိုင်ကယ်တွေနဲ့ သွားတဲ့အခါ ကျေးရွာရဲ့ အပြင်ဘက် ၄ ဖာလုံခန့်အကွာမှာရှိတဲ့ ဦးကျန်ရေကန်အနီး အရောက်မှာ ပေါက်ကွဲမှုဖြစ်ပြီး မောင်ဇော်သန့် က ဝမ်းဗိုက်နဲ့ ဝဲခြေထောက် တကောက်ကွေးတို့မှာ မိုင်းစထိမှန်ဒဏ်ရာတွေ ရရှိကာ သေဆုံးခဲ့တယ်၊ ကျန် ၂ ယောက်ဖြစ်တဲ့၊ ဒေါ်မိ ကြူတွင် ယာဒူး၊ ယာပေါင်နဲ့ ဝဲခြေသလုံး၊ မခင်မာဖြိုးတွင် ယာခြေသလုံး၊ ဝဲ/ယာ ပေါင်နဲ့ ဦးခေါင်း ဝဲဘက်ချိုစောင်းတို့မှာ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့တာကြောင့် အရာတော်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေတယ် ” လို့ ပြောပါတယ်။
အရာတော်မြို့နယ်တွင် အများပြည်သူ အသုံးပြု သွားလာနေတဲ့ လမ်းတွေပေါ်မှာ အကြမ်းဖက်သမားတွေက မိုင်းထောင်ဖောက်ခွဲတာကြောင့် လမ်းအသုံးပြု သွားလာနေတဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တာဟာ လပေါင်း ၂၀ ကျော် ကာလအတွင်း လူ ၃၀ ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။