Trending Now

မြစ်ကြီးနားမြို့ သမိဒ္ဓေါဒယ သီလရှင် စာသင်တိုက်သစ်တွင် တည်ဆောက်မည့် ရတနာဂုဏ်ရည်ကျောင်းဆောင်သစ် ပန္နက်တင် အခမ်းအနားကျင်းပပြုလုပ်

Spread the love

မြစ်ကြီးနားမြို့ သမိဒ္ဓေါဒယ သီလရှင် စာသင်တိုက်သစ်တွင် တည်ဆောက်မည့် ရတနာဂုဏ်ရည်ကျောင်းဆောင်သစ် ပန္နက်တင် အခမ်းအနားကျင်းပပြုလုပ်

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်ရှိ သမိဒ္ဓေါဒယ သီလရှင် စာသင်တိုက်သစ်တွင် တည်ဆောက်မည့် ရတနာဂုဏ်ရည်ကျောင်းဆောင်သစ် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုကာ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် ဦးစီးပဓာနနာယက၊ ပြည်နယ်သံဃာ့နာယကအကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေတုမာလာထံမှ ပရိတ်သတ်များက ရှစ်ပါးသီလခံယူ ဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွါးချီးမြှင့်ခြင်းတို့ဖြင့် စတင်ခဲ့ကြသည်။

ယင်းနောက်တွင် ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရတနာဂုဏ်ရည်ကျောင်းဆောင်သစ်အတွက် အလှူတော်ငွေစုစု‌ပေါင်း ကျပ်သိန်း (၁၂၀၀)ကျော်ကို အလှူရှင်အသီးအသီးမှ ပေးအပ်လှူဒါန်းအပြီးတွင် ဆရာတော်ဘဒ္ဒန္တ ကေတုမာလာ ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့ကြပြီး မင်္ဂလာအချိန်တွင် ရတနာဂုဏ်ရည်ကျောင်းဆောင်သစ် ပန္နက်တင်မင်္ဂလာ ကျင်းပခဲ့ကြကြောင်း သိရသည်။

သီလရှင် စာသင်တိုက်ဖြစ်သည့်အလျောက် စာသင်စာချလုပ်ငန်းများ၊ ဆွမ်းကပ်အလှူများ၊ သင်္ကြန်အချိန်အခါမျိုးတွင် သီလရှင်ဝတ်မည့်သူများ၊ တရားပွဲများနှင့် အလှူအတန်းကိစ္စများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သမိဒ္ဓေါဒယ သီလရှင် စာသင်တိုက်သစ်မှ တိုက်အုပ်ဆရာကြီး ဒေါ်ဉာဏသိင်္ဂီ က မိန့်ကြားသည်။

“မြတ်စွာဘုရား ဟောကြားတဲ့အတိုင်း ပရိယတ် မကင်းတဲ့ ပဋိပတ်၊ ပဋိပတ် မကင်းတဲ့ ပရိယတ် လုပ်ငန်းဆိုတဲ့အတိုင်း သနာပြုလုပ်ငန်းတွေ အားလုံး ဆောင်ရွက်သွားဖို့အတွက် ဒီကျောင်းဆောင်ကြီးကို ဆောက်လုပ်တာဖြစ်တယ်၊ အခု သီတင်းသုံးနေတဲ့ ဆရာလေးတွေအတွက်လဲ တရားနာဖို့၊ တရားထိုင်ဖို့ လိုအပ်တယ်၊ ကျောင်းကိုလာရောက်ကြတဲ့ ဒါယိကာ ၊ ဒါယိကာမတွေ အတွက်လည်း ကျောင်းဆောင်မှာ ကောင်းကောင်းမွန်မွန် အလှူအတန်းတွေ၊ ဥပုတ်သီလစောင့်တာတွေပြုလုပ်နိုင်ဖို့၊ အရင်ကဆို ဆရာလေးတို့ကျောင်းမှာ အများစုပြီး သီလရှင်ဝတ်ဖို့ နေရာအခက်အခဲတွေကြောင့် မလုပ်ဖြစ်ကြဘူး၊ ကျောင်းဆောင်ကြီးသာ ဆောက်လုပ်ပြီးရင် စုပေါင်း အလှူတွေ အများကြီးလုပ်နိုင်မှာဖြစ်တယ်” ဟု ၎င်းကမိန့်ကြားခဲ့သည်။

အဆိုပါ ရတနာဂုဏ်ရည်ကျောင်းဆောင် ၊ ဓမ္မာရုံကြီးကို သမိဒ္ဓေါဒယ သီလရှင် စာသင်တိုက်သစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကာ အလျား (၁၀၂) ပေ၊ အနံ (၅၄) ပေ နှင့် RC သုံးထပ်ခွဲဆောင် တည်ဆောက်သွားမည်ဖြစ်ပြီး စုစုပေါင်းကုန်ကျငွေ ကျပ် သိန်းတစ်သောင်းကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

လက်ရှိ သမိဒ္ဓေါဒယ သီလရှင် စာသင်တိုက် သစ်တွင် ဆရာကြီး၊ ဆရာလေး (၁၈) ပါး သတင်းသုံးနေထိုင်လျှက်ရှိကြောင်း သိရသည်။
အဆိုပါ ရတနာဂုဏ်ရည်ကျောင်းဆောင်၊ဓမ္မာရုံကြီး ဖြစ်မြောက်ရေးအတွက် သဒ္ဒါတရားနည်းများမဆို ပါဝင်လှူဒါန်းလိုပါက သမိဒ္ဓေါဒယ သီလရှင် စာသင်တိုက်သစ် တိုက်အုပ်ဆရာကြီး ဒေါ်ဉာဏင်္ဂီထံ (09422542125) သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။