Trending Now

စိမ်းမြဧရာ ပန်းခြံ နှင့် ကလေးကစားကွင်း အတွင်း စိန်ပန်းပင်အို လဲပြိုကာ အဆောက်အဦ တစ်လုံး ထိခိုက်ပျက်စီး

Spread the love

စိမ်းမြဧရာ ပန်းခြံ နှင့် ကလေးကစားကွင်း အတွင်း စိန်ပန်းပင်အို လဲပြိုကာ အဆောက်အဦ တစ်လုံး ထိခိုက်ပျက်စီး

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၁ (၂၀၂၃)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စိမ်းမြဧရာ ပန်းခြံ နှင့် ကလေးကစားကွင်း အတွင်း ယနေ့ နံနက်ပိုင်းက စိန်ပန်းပင်အို တစ်ပင် လဲပြိုကျကာ ယင်းအပင် အောက်ရှိ ကစားကွင်း အဆောက်အဦ တစ်လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း ယုဇနရပ်ကွက် နေထိုင်သူများထံက သိရသည်။

စက်တင်ဘာ ၁၁ ရက်၊ ယနေ့ နံနက် ၆ နာရီ ဝန်းကျင်ခန့်က စိန်ပန်းပင်အို တစ်ပင် လဲပြိုကျခဲ့သဖြင့် ကစားကွင်း အဆောက်အဦ တစ်လုံး ပေါ်ပိမိကာ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း တာဝန်ခံ တစ်ဦးက ရှင်းပြသည်။

“ဒီနေ့ မနက်မှာ ပန်းခြံအတွင်းက ကလေးတွေ ခုန်ဆော့ ကစားကြတဲ့ လေဖောင်း အရုပ်အိမ် ကစားကွင်း အဆောက်အဦ အပေါ် စိန်ပန်းပင် လဲပြိုကျလို့ အဆောက်အဦ ပျက်စီးသွားတယ် လူတော့ ထိတာ မရှိဘူး အခု အမြန်ဆုံး ရှင်းလင်း ပြုပြင်နေတယ်” ဟု ၎င်းက ပြောပြသည်။

အဆိုပါ ဖြစ်စဉ်သည် ထိတ်လန့်ဖွယ်ရာ ဖြစ်ကြောင်းနှင့် အလားတူ ဖြစ်စဉ်မျိုး ထပ်၍ မဖြစ်ပွားစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အများပြည်သူ နေထိုင် စုဝေးရာ နေရာများရှိ အပင်အိုများကို စစ်ဆေး ရှင်းလင်းခြင်း၊ ထိန်းသိမ်းခြင်းများ လုပ်ဆောင်ပေးစေလိုကြောင်း မြို့ခံ မိဘ တစ်ဦးက ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။

“တော်သေးတယ် ဘယ်သူမှ မရှိတဲ့အချိန် ဖြစ်သွားလို့၊ ကလေးတွေ ဆော့ကစားနေကြတဲ့ အချိန်များ ဒီလိုဖြစ်သွားရင် မတွေးဝံ့ စရာပါပဲ၊ ပန်းခြံလို ကစားကွင်းလို နေရာမျိုးမှ မဟုတ်ပါဘူး၊ အများပြည်သူ နေထိုင်တဲ့ နေရာတွေ အနားမှာ ရှိတဲ့ အပင်အိုတွေကို ရှင်းလင်းတာတို့၊ ထိန်းသိမ်း ပေးတာတွေကို တာဝန်ရှိသူတွေ အနေနဲ့ အမြဲတန်း စောင့်ကြည့် ဆောင်ရွက် ပေးဖို့ လိုမယ်။” ဟု ၎င်းက ပြောပြသည်။

ယနေ့ နံနက်ပိုင်းတွင် စိမ်းမြဧရာ ပန်းခြံ အတွင်းက စိန်ပန်းပင်အို လဲပြိုကျမှု ဖြစ်ပွားတွင် လူထိခိုက် မရှိသော်လည်း အဆောက်အဦ တစ်လုံး
ပြိုကျ ပျက်စီးခဲ့ကြောင်းနှင့် အလားတူ ဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားမှု မရှိစေရန် ပန်းခြံအတွင်းနှင့် အနီးအနားမှ သစ်ပင်အိုများကို ခုတ်ထွင် ရှင်းလင်း၊ ထိန်းသိမ်းဆောင်ရွက် သွားမည်ဟုလည်း တာဝန်ရှိသူ တစ်‌‌ဦးက ပြောပြ သည်။

ပြီးခဲ့သည့် လပိုင်းကလည်း ရန်ကြီးအောင် ရပ်ကွက်အဝင် ရထား သံလမ်းကူး လမ်းထိပ်က စွယ်တော်ပင်အို တစ်ပင် လဲပြိုကျကာ အနီးရှိ ဓါတ်တိုင်ကို ချိတ်မိပြီး မီးကြိုးနှင့် ဆက်သွယ်ရေး ဖုန်းကြိုးများ အနည်းငယ် ထိခိုက်ခဲ့သည်ဟု သိရသည်။

သတင်း/ဓါတ်ပုံ – မြတ်မင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။