Trending Now

ရွှေတူးဖော်ခြင်း အလွန်အကျွံ ပြုလုပ်လာ၍ မြစ်၊ ချောင်း ၊ အင်းအိုင် ပျက်စီးလာမည့်အရေး ဒေသခံအမျိုးသမီးများ ကန့်ကွက်

Spread the love

ရွှေတူးဖော်ခြင်း အလွန်အကျွံ ပြုလုပ်လာ၍ မြစ်၊ ချောင်း ၊ အင်းအိုင် ပျက်စီးလာမည့်အရေး ဒေသခံအမျိုးသမီးများ ကန့်ကွက်

EPN
မြစ်ကြီးနား၊ မတ် ၁၆

ကချင်ပြည်နယ်အတွင်းရှိ မြစ်၊ ချောင်း၊ အင်းအိုင်များတွင် ရွှေတူးဖော်ခြင်းများ အလွန်အကျွံ ပြုလုပ်လာ၍ မြစ်၊ ချောင်း၊ အင်းအိုင်များ ပျက်စီးလာမည့်အရေး ဒေသခံအမျိုးသမီးများက ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း နိုင်ငံရေး ပဋိပက္ခ ဖြစ်ပွားလာသည့် နောက်ပိုင်းအတွင်း တိုက်ပွဲများပြင်းထန်လာ၍ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေရခြင်းများကို အခွင့်ကောင်းယူ၍ စီးပွားရေး လုပ်ငန်းရှင်များက မြစ်၊ ချောင်း၊ အင်းအိုင်တို့တွင် ရွှေတူးဖော်ခြင်းများကို စက်ယန္တရားကြီးများဖြင့် အလွန်အကျွံ ပြုလုပ်လာခြင်းများကြောင့် မြစ်၊ ချောင်း၊ အင်းအိုင် ပျက်စီးလာမည့်အရေး ဒေသခံအမျိုးသမီးများက စုပေါင်းကန့်ကွက်ခဲ့ကြောင်း မလိအင်မိုင်ဇွပ် အမျိုးသမီးများအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ကျွန်မတို့ ဒေသအထက်ပိုင်း မေခ၊ မလိခ မြစ်ချောင်းတွေမှာ အခုနောက်ပိုင်း ရွှေတူးဖော်မှုတွေကို စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေကြတယ်။ အဲ့လိုတူးဖော်လို့ အခုဆို မြစ်ရေတွေက သောက်သုံးမရတော့ဘူး။ အဆိပ်တွေဖြစ်နေပြီ။ နွံရေတွေဖြစ်နေပြီ။ မြစ်ဆုံ အလှတရားတွေ ပျက်စီးကုန်ပြီ။ ဧရာဝတီမြစ်လည်း ပျက်စီးပြီး ရေလမ်းကြောင်းတွေ ပြောင်းနေပြီ။ မြစ်ချောင်းတွေမှာ သဲသောင်တွေ ထွန်းလာနေပြီ။ အဲ့ဒါကြောင့် အခုလို ကန့်ကွက်ပြီး မလုပ်ကြဖို့ တားမြစ်ရခြင်း ဖြစ်တယ် ” ဟု ၎င်းကရှင်းပြသည်။

စက်ယန္တရားကြီးများဖြင့် နေ့၊ ည မပြတ် မြစ်၊ ချောင်း၊ အင်းအိုင်တို့တွင် ရွှေတူးဖော်ခြင်းကြောင့် မြစ်ချောင်းများ ပျက်စီးခြင်း၊ သောက်သုံးရေ နည်းပါလာခြင်း၊ ရေနေသတ္တဝါများ သေကြေ၊ ရှားပါးလာခြင်းအပြင် မြစ်ချောင်းများတွင် သဲသောင်ထွန်း၍ ရေလမ်းကျောင်းပြောင်းလဲခြင်းများ ဖြစ်ပေါ်နေပြီး၊ နွေရာသီ အချိန်တွင် အဝီစိတွင်းများ ရေခမ်းလာခြင်း၊ ရေတွင်း၊ ရေကန်များတွင် ရေမရှိခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း သဘာဝ ရေ၊ မြေ၊ တောတောင်များကို ပိုမိုဖျက်ဆီးလာ၍ လက်ရှိအချိန်တွင် ကချင်ပြည်နယ်သည် ရာသီဉတု ပြောင်းလဲဖောက်ပြန်မှုများ နှစ်စဉ် သိသိသာသာ ဖြစ်ပေါ် လာခဲ့ကြောင်း မြစ်ကြီးနားမြို့ပေါ် နေ ပြည်သူတစ်ဦးက ဆိုသည်။

” ကျွန်တော်တို့ ပြည်နယ်မှာ သဘာဝ ရေ၊ မြေ၊ တောတောင်တွေနဲ့ သဘာဝ သစ်တောတွေ နှစ်စဉ်ပျက်စီးလာလို့ ရာသီဉတုလည်း သိသိသာသာ ပြောင်းလဲလာတယ်။ အရင်ကဆို ကချင်ပြည်နယ်က အရမ်းနေလို ကောင်းတယ်။ အေးချမ်းတယ်။ ရာသီဉတု မှန်တယ်။ အခုဆို တောတောင်၊ ရေမြေတွေ သစ်တောတွေ အားလုံးနီးပါး ပျက်စီးလာတော့ အခုဆို အရမ်းပူလာတယ်။ အချိန်အခါမဟုတ် မိုးရွာတယ်။ ရေခဲတောင်ဖုံးလွမ်းမှု ဧရိယာတွေ လျော့နည်းလာပြီ။ ဒီလို ဖြစ်လာခြင်းက စီးပွားရေးသမားတွေရဲ့ ကိုယ်ကျိုးစီးပွား တစ်ခုထဲကို ကြည့်ခဲ့လို့ ဟုတ်တယ် ” ဟု ၎င်းကသုံးသပ်ပြောသည်။

ပြည်နယ်အတွင်းရှိ မြစ်၊ ချောင်း၊ အင်းအိုင်တို့တွင် ရွှေတူးဖော်မှုများ အလွန်အကျွံ ပြုလုပ်လာ၍ မတ်လ (၁၄) ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ မြစ်၊ ချောင်း၊ အင်းအိုင်များနေ့ အထိမ်းအမှတ်ဖြင့် မြစ်ဆုံ၊ တန်ဖရဲ၊ အာလန်၊ အူဗျစ် အစရှိသည့် ကျေးရွာပေါင်း (၁၅) ရွာမှ အမျိုးသမီး (၂၀၀) ခန့်က မတ်လ (၁၄) နေ့၊ နံနက် (၉) နာရီမှ နေ့လည် (၁၂) အချိန်ထိ ဆုတောင်းခြင်း၊ မြစ်ချောင်းအင်းအိုင် အသိပညာပေး ပောာပြောပွဲနှင့် ထိန်းသိမ်းကာကွယ်ကြရန် စုပေါင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မလိအင်မိုင်ဇွပ် အမျိုးသမီးများ အဖွဲ့ချုပ်သည် ဒေသခံများ၏ အသိအမှတ်ပြု အဖွဲ့အစည်းဖြစ်ပြီး၊ မြစ်၊ ချောင်း၊ အင်းအိုင်များ ပျက်စီးမှု မရှိစေရန် လွန်ခဲ့သည့် သုံးနှစ်တာ အတွင်းက စတင်၍ စဉ်ဆက်မပြတ် အသိပညာပေးခြင်း၊ တားမြစ်ကန့်ကွက်ခြင်းများကို ပြုလုပ်ခဲ့သူများလည်း ဖြစ်သည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။