Trending Now

မြစ်ကြီးနားမြို့တွင် (၈)တန်းအရွယ် ကလေးငယ်တစ်ဦး ကြက်ပေါင်ခြံ သဲကျောက်ဆိပ်အနီး ရေနစ်သေဆုံး

Spread the love

မြစ်ကြီးနားမြို့တွင် (၈)တန်းအရွယ် ကလေးငယ်တစ်ဦး ကြက်ပေါင်ခြံ သဲကျောက်ဆိပ်အနီး ရေနစ်သေဆုံး

EPN
မြစ်ကြီးနား ၊ သြဂုတ် ၄

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယမန်နေ့ သြဂုတ်လ (၄)ရက်နေ့ နေ့လည် (၃)နာရီခန့်က အောင်သုခ ဘုန်းတော်ကြီးကျောင်းအနီး ကြက်ပေါင်ခြံ သဲကျောက်ဆိပ်နားတွင် (၈)တန်းအရွယ် ကျောင်းသားကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း မျိုးဆက်သစ်လူမှုကူညီရေးအသင်းမှ သိရသည်။

အဆိုပါ ရေနစ်သေဆုံးသူ ကလေးငယ်အပါအဝင် ၎င်း၏ သူငယ်ချင်း(၇)ဦးခန့်ဖြင့် ဧရာဝတီ မြစ်ဆိပ်(ကြက်ပေါင်ခြံ သဲကျောက်ဆိပ်အနီး) ရေကူး နေစဉ် (၃)ဦးခန့် ရေနစ်မြုပ်ခဲ့ရာ (၂)ဦးမှာ ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်တစ်ဦးမှာ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မျိုးဆက်သစ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ကလေးတွေက ငယ်ငယ်လေးတွေ ၊ သူငယ်ချင်းတွေစုပြီး ကျောင်းပိတ်ရက် ရေလာကူးကြတယ်ပြောတယ်၊ စစချင်းက (၃)ယောက်လောက်နစ်သွားတယ်၊ (၂)ဦးကိုတော့ သူတို့ ကလေးတွေ အချင်းချင်း ကယ်ဆယ်ထားလို့ အသက်မသေခဲ့တာ ကျန်ခဲ့တဲ့ တစ်ဦးကတော့ ရေနစ်သေဆုံးသွားပြီး ပျောက်သွားတယ်ပြောတယ်၊ ကျနော်တို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မီးသတ်တွေလာပြီး ရှာဖွေရေးလုပ်မှ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းပြန်ရှာတွေ့ခဲ့တယ်၊ “ ဟု ၎င်းကပြောသည်။

သေဆုံးသူ ကလေးငယ်မှာ (၈)တန်းကျောင်းသားတစ်ဦးဖြစ်ပြီး အသက်(၁၃)နှစ်အရွယ်ရှိ ရမ်ပူရပ်ကွက် နယ်မြေ(၂၂)တွင် နေထိုင်သူ မောင် ဘာဆူဒေ့(ခ) ဒစ် ဆိုသူဖြစ်ကြောင်းသိရသည်။

အလားတူ ဇူလိုင်လ (၁၁)ရက်နေ့ကလည်း ကြက်ပေါင်ခြံရပ်ကွက် ဧရာဝတီမြစ်ဆိပ်အနီး (၇)တန်းကျောင်းသားတစ်ဦးရေနစ်သေဆုံးခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။