Trending Now

ကချင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများကို ဇွန်လဒုတိယပတ်တွင် အပြီးစစ်မည်

Spread the love

ကချင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများကို ဇွန်လဒုတိယပတ်တွင် အပြီးစစ်မည်

EPN
မြစ်ကြီးနား၊ မေ ၂၀

ကချင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေလွှာ စာစစ်ခြင်းလုပ်ငန်းများကို လာမည့် ဇွန်လ ဒုတိယပတ်တွင် အပြီးစစ်ဆေးသွားရမည်ဖြစ်ကြောင်းကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

ယခင်နှစ်များတွင် ပုံမှန်အားဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေလွှာများကို မတ်လဆန်းပိုင်းလျှင် စိစစ်ပြီး စီးနေပြီဖြစ်ပြီး ကိုဗစ်နိုင်တင်းကြောင့် ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း အဖြေလွှာများကိုမှု လာမည့် ဇွန်လဒုတိယပတ်တွင် အပြီးသတ် စစ်ဆေးသွားရမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (စီမံ)ဦးရဲအောင်က ဆိုသည်။

“ကျောင်းဖွင့်တဲ့ ကာလတွေကော စာစစ်တဲ့လုပ်ငန်းတွေကော ဒီကိုရိုနာဗိုင်းရပ်စ်ကြောင့် နောက်ကျသွားတယ်ပေါ့ ဒါပေမယ့် ဒီအခြေအနေတွေ ကြားမှာပဲ စစ်ရတော့မှာပဲ လာမယ့် ဇွန်လမှာ အပြီးစစ်မယ် အောင်စာရင်းကတော့ ဘယ်တော့ ထွက်မယ်မသိသေးဘူး”ဟု ဦးရဲအောင်က ပြောသည်။

ယင်းစာစစ်ခြင်းလုပ်ငန်းများကို လုပ်သက်တစ်နှစ်အထက်ရှိသည့် အထက်တန်းပြဆရာ၊ ဆရာမများက ဆောင်ရွက်သွားမည်ဖြစ်ပြီး မူလကောက်ခံထားသည့် စာရင်းများအနက် အချို့ဆရာ၊ ဆရာမများမှာ အခြားတိုင်းနှင့် ပြည်နယ်သို့ ပြောင်းရွေ့ခံထားရသောကြောင့် အင်အားဖြည့်ရန် မြို့နယ်ရုံးများတွင် စာရင်းပြန်လည်တောင်ခံထားကြောင်း သိရသည်။

စာစစ်ခြင်းလုပ်ငန်း မလုပ်ဆောင်မီ အဖြေလွှာ၌ ပါရှိသည့် Code နံပါတ်စစ်ဆေးခြင်းကို ဦးစွာ လုပ်ဆောင်ရမည်ဖြစ်ပြီး အဆိုပါ Code စစ်ဆေးခြင်းလုပ်ငန်းကိုလည်း လက်ရှိ ကပ်ရောဂါအခြေအနေအရ အခြေခံ ပညာရေး ဆရာ၊ ဆရာမများက စစ်ဆေးမည်မဟုတ်ပဲ တက္ကသိုလ်ဆရာ၊ ဆရာမများက လက်ခံစစ်ဆေးပေးနေကြောင်း မြစ်ကြီးနားတက္ကသိုလ်မှ သိရသည်။

”ဒီကုဒ်စစ်ဆေးတဲ့လုပ်ငန်းတွေက ရက်သုံးဆယ်လောက်တော့လိုမယ်။ စစ်ဆေးပြိီးရင်တော့စာစစ် ဦးစီးဌာနကို ပြန်အပ်မယ်”ဟု မြစ်ကြီးနားတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ Code စစ်ဆေးမည့်ဝန်ထမ်းများနှင့် Code စစ်ဆေးမည့်နေရာများကို ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ အကြိုဆေးဖြန်းခြင်း၊ စစ်ဆေးစဥ် ကာလတွင် ကျန်းမာရေးစစ်ဆေးခြင်းများကို ပုံမှန်လုပ်​ဆောင်သွားမည် ဖြစ်ကြောင်း မြစ်ကြီးနားတက္ကသိုလ်မှ စုံစမ်းသိရှိရသည်။

ကချင်တစ်ပြည်နယ်လုံးတွင် ယခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် လျှောက်ထားသူ (၄၆၀၀၀)ကျော်ရှိပြီး ဝင်ရောက်ဖြေဆိုသူ (၃၈၀၀၀)ကျော်အထိ ရှိကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။