Trending Now

အာဖဂန်နစ္စတန်မှာ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၉၂၀ သေဆုံး

Spread the love

အာဖဂန်နစ္စတန်မှာ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၉၂၀ သေဆုံး

EPN
နိုင်ငံတကာ၊ ဇွန် ၂၂

အာဖဂန်နစ္စတန် အရှေ့တောင်ပိုင်းမှာ ပြင်းအား ၆ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အနည်းဆုံး လူ ၉၂၀ သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ အာဖဂန်နစ္စတန် အာဏာပိုင်တွေက ပြောပါတယ်။

ငလျင်ဟာ ပါကစ္စတန်နိုင်ငံနဲ့ နယ်နိမိတ်ချင်းနီးတဲ့ Khost မြို့ကနေ ၂၇ မိုင် အကွာမှာ ယနေ့ ဇွန်လ ၂၂ ရက်နေ့က လှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒ စစ်တမ်းက ဆိုပါတယ်။

သေဆုံးသူအရေအတွက်ဟာ ပိုမိုများပြားလာနိုင်ပြီး လက်ရှိမှာ လူပေါင်း ၆၀၀ ဒဏ်ရာရခဲ့တယ်လို့ အာဖဂန် အရေးပေါ်ကယ်ဆယ်ရေး အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

“တချို့ရွာတွေက တောင်ကုန်းတွေပေါ် ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ ရှိနေတဲ့အတွက် အသေးစိတ် အချက်အလက်တွေ စုဆောင်းဖို့ အချိန်ယူရလိမ့်မယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

အိမ်ခြေဒါဇင်ပေါင်းများစွာဟာလည်း ပျက်ဆီးသွားခဲ့ရပြီး ကပ်ဘေးအတွက် အကူအညီပေးဖို့ အရေးပေါ် အေဂျင်စီတွေကို စေလွတ်သွားမယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဘီလယ်ခါရီမီက ပြောပါတယ်။

“နောက်ထပ် ကပ်ဘေးကို ကာကွယ်ဖို့ အကူအညီပေးရေး အေဂျင်စီတွေ အားလုံးကို ဒီဒေသကို ချက်ချင်း စေလွှတ်ဖို့ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်။” ဘီလယ်ခါရီမီက ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ အိန္ဒိယနိုင်ငံတို့က လူပေါင်း ၁၁၉ သန်းခန့်ဟာလည်း တုန်လှုပ်မှုကို ခံစားခဲ့ရတယ်လို့ ဥရောပ မြေထဲပင်လယ် ငလျင်ဆိုင်ရာ ဗဟိုဌာန (EMSC) က တွစ်တာတွင် ပြောကြားခဲ့ပါတယ်။

အဆိုပါ အားပြင်းငလျင်ဟာ ပါကစ္စတန်နယ်စပ် အနီးမှာ လှုပ်ခတ်ခဲ့တာဖြစ်ပေမယ့် အသေအပျောက်နဲ့ ပတ်သက်ပြီး ပါကစ္စတန်က ချက်ချင်းသတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

Source – skynews

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။