Trending Now

တာလောကြီးဒေသတစ်လျှောက် တရားမဝင် ရွှေတူးဖော်မှုများကြောင့် ဒေသခံများထိခိုက်နစ်နာမှုရှိနေ

Spread the love

တာလောကြီးဒေသတစ်လျှောက် တရားမဝင် ရွှေတူးဖော်မှုများကြောင့် ဒေသခံများထိခိုက်နစ်နာမှုရှိနေ

EPN
တာလောကြီး၊ မေ ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြိုနယ်၊ တာလောကြီးဒေသ ဧရာဝတီမြစ်ကြော တစ်လျှောက်တွင် တရားမဝင်ရွှေဖော်မှုများရှိနေပြီး ယင်းတရားမဝင်တူးဖော်မှုကြောင့် ဒေသခံအချို့ ထိခိုက်နစ်နာမှုများရှိနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ယင်းတရားမဝင်ရွှေတူးဖော်မှုများမှာ နောင်တာလော၊ ခတ်ချို၊ နောင်ဟီး၊ ခေါင်ဖူး၊ တာလောကြီး၊ ဟိုကပ်၊ တာပဒေါင်း၊ငါးပေါက်တော၊ ဆွန်ဒူ၊ စံပွား၊ ဆင်ဘို၊ မံကင်း စသည့်ကျေးရွာအနီး တစ်ဝိုက် ဧရာဝတီ မြစ်ကမ်းဘေး တစ်လျှောက်တို့တွင် တူးဖော်လျက်ရှိပြီး ယင်းရွှေတူးဖော်မှုကြောင့် ဧရာဝတီမြစ်ကို အမှီခိုပြု၍ မြစ်ကမ်းဘေးတစ်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံအချို့ ထိခိုက်နစ်နာမှုများ ရှိနေကြောင်းလုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကဆိုသည်။

”ဒီမှာ ရွှေတွေအရမ်းကျင်တယ်။ နေ့တော့မဟုတ်ဘူး သူတို့က ညကျရင်ထွက်ကျင်တယ်။ ကျွန်တော်တို့ အနီးတဝိုက်မှာရှိတဲ့စိုက်ခင်းသမားတွေ အရမ်းနစ်နာတယ်။မြစ်ကြောင်းတွေလည်း အရမ်းပျက်စီးတယ်။”ဟု ဒေသခံတစ်ဦးက​​ ပြောသည်။

ယင်း တရားမဝင်ရွှေတူးဖော်သူများမှာ စက်လှေများဖြင့်လုပ်ကိုင်နေပြီး စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်သူများလည်းရှိနေသောကြောင့် နှစ်စဥ်ကမ်းပြိုခြင်း၊ မြစ်ကြောင်း ပိတ်ခြင်းစသည့် အခက်အခဲများကို ဒေသခံစိုက်ပျိုးရေးလုပ်ကိုင်သူများက ရင်ဆိုင်နေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ဒီဘက်ကလူတွေက ပဲ၊ ပြောင်းတို့ လုပ်ကိုင်စားသောက်ကြတဲ့သူတွေ များပါတယ်။ အဲ့တော့ဒီမြစ်ကို မှီခိုပြီး လုပ်ကိုင်စားသောက်နေရတယ်မြစ်ဘေးမှာ လုပ်ကိုင်စားသောက်ရတာ အခုလိုရွှေတူးတော့ ကမ်းပြိုတာတို့၊မြစ်ကြောင်းပိတ်တို့ ရေနှောက်တာတို့ဖြစ်တော့ ဒေသခံတွေအတွက်များကြီးကို ထိခိုက် မှုရှိတယ်။”ဟု ယင်းဒေသခံတစ်ဦးကပြောသည်။

ဤသို့တရားမဝင် ရွှေတူးဖော်မှုများကို သက်ဆိုင်ရာအနေဖြင့် ထိရောက်စွာအရေးယူပေးစေလိုကြောင်းနှင့် ဤသို့တူးဖော်နေမှုအပေါ် သက်ဆိုင်ရာထံအကြောင်းကြားပေးခြင်းနှင့်ဖမ်းဆီးအရေးယူပေးရန် တိုင်စာပေးပို့မှုများလည်းရှိခဲ့ကြောင်း ယင်းဒေသခံများထံမှသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သတ္တုတွင်းဦးစီးဌာန (ကချင်ပြည်နယ်ရုံးခွဲ)သို့ မေးမြန်းခဲ့ရာယခုကဲ့သို့ ဖြေကြားခဲ့သည်။

“မြစ်ချောင်းထဲမှာကျတော့ ပိုင်ရှင်မိဖို့ကမလွယ်ဘူးသူတို့က ကျွန်တော်တို့ကို အဝေးကမြင်တာနဲ့့ တခါတည်းပြေးသွားကြတာ။သူတို့က ရေလည်းကျွမ်းကျင်တယ်။ လူမမိဘူး၊ စက်ကတော့ ဒီတိုင်းပစ်ထားလိုက်ကြတာပေါ့”ဟု ဦးစောယုက ပြောသည်။

ယင်းဒေသတစ်လျောက် တရားမဝင်ရွှေတူးဖော်သည့် သူများတွင် ဒေသခံအချို့ပါဝင် ပြီး စက်ယန္တရားကြီးကြီးမားမားဖြင့် လုပ်ကိုင်သူများမှာ နယ်ဝေးမှ လာရောက်လုပ်ကိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။

တာလောကြီးဒေသ တစ်လျှောက် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ၂၀၁၉ စက်တင်ဘာလတွင် တစ်ကြိမ်သွားရောက်ဖမ်းဆီးရာ၌ စက်လှေ(၂)စီး၊ဧပြီလ (၂၃)ရက်နေ့တွင် သွားရောက်ဖမ်းဆီးရာ၌ စက်လှေ(၂)စီး စုစုပေါင်းစက်လှေ (၄)စီးနှင့် ဆက်စပ် စက်ယန္တရားများကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သတ္တုတွင်းဦးစီးဌာန(ကချင်ပြည်နယ်ရုံးခွဲ)မှ သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။