Trending Now

ကချင်ပြည်နယ် အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် နာယကကြီး ဒူဝါဇခုန်ယိန်းဆောင် မိသားစုမှ ကချင်ပြည်နယ် အခမဲ့ ဆေးဝါးကုသရေး ဖောင်ဒေးရှင်း၏ ရုံးနှင့် အခမဲ့ ဆေးရုံ၊ ဆေးခန်း တည်ဆောက်နိုင်ရေးအတွက် ကျပ်သိန်းလေးထောင် လှူဒါန်း

Spread the love

ကချင်ပြည်နယ် အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် နာယကကြီး ဒူဝါဇခုန်ယိန်းဆောင် မိသားစုမှ ကချင်ပြည်နယ် အခမဲ့ ဆေးဝါးကုသရေး ဖောင်ဒေးရှင်း၏ ရုံးနှင့် အခမဲ့ ဆေးရုံ၊ ဆေးခန်း တည်ဆောက်နိုင်ရေးအတွက် ကျပ်သိန်းလေးထောင် လှူဒါန်း

EPN
မြစ်ကြီးနား၊ ဩဂုတ် ၁၆

ကချင်ပြည်နယ် အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် နာယကကြီး ဒူဝါဇခုန်ယိန်းဆောင် မိသားစုမှ ကချင်ပြည်နယ် အခမဲ့ ဆေးဝါးကုသရေး ဖောင်ဒေးရှင်း၏ ရုံးနှင့် အခမဲ့ ဆေးရုံ ဆေးခန်း တည်ဆောက်နိုင်ရေး အတွက် ကျပ်သိန်းလေးထောင် တိတိကို ယခုလ ဩဂုတ် ၁၀ ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အေးမြသာယာ ရပ်ကွက်အတွင်း၌ အစိုးရမှ ချထားပေးသည့် မြေနေရာတွင် ကချင်ပြည်နယ် အခမဲ့ ဆေးဝါးကုသရေး ဖောင်ဒေးရှင်း၏ ရုံး နှင့် အခမဲ့ ဆေးရုံ ဆေးခန်း အမြန်ဆုံး အကောင်အထည်ဖော် တည်ဆောက်နိုင်ရန်အတွက် လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ဒူဝါဇခုန်ယိန်းဆောင်က ပြောပြသည်။

“အဓိက ရည်ရွယ်ချက်ကတော့ ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ ဆေးကုသစရိတ် မတတ်နိုင်တဲ့ ပြည်သူ့ကို အခမဲ့ ဆေးကု ပေးဖို့ ဖွင့်လှစ်သွားမယ့် ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းရဲ့ ရုံးခန်းနဲ့ အခမဲ့ ကျန်းမာရေး စစ်ဆေး ကုသပေးနိုင်တဲ့ နေရာတစ်ခု အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် လှူဒါန်းတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ကိုယ်လည်း ကချင်ပြည်နယ်မှာ မွေးပြီး ဒီမှာပဲ ကြီးပြင်းလာတယ်၊ ဒီမြေဒီရေက ကိုယ့်ကို အခုလို ကျန်းကျန်းမာမာနဲ့ နေခွင့်ပြုထားတာဖြစ်လို့ ဒီပြည်နယ်အတွက်၊ ဒီမှာနေထိုင်ကြတဲ့ ကိုယ့်ရဲ့ ပြည်နယ်သူ ပြည်နယ်သားတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် အရာကို တတ်နိုင်တဲ့ဘက်ကနေ ပြန်ပြီး ဆောင်ရွက်ပေးတဲ့ သဘောပေါ့ဗျာ။ နောက်တစ်ခုက ဒီအခမဲ့ဆေးကုသရေး အဖွဲ့ကလည်း အမှန်တကယ် ကျန်းမာရေး လိုအပ်ချက်ရှိတဲ့ ပြည်သူ့တွေကို လက်တွေ့ ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်လို့ အခုလို လှူဒါန်းခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

ယမန်နှစ် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ကလည်း ဒူဝါဇခုန်ယိန်းဆောင် မိသားစုက ကချင်ပြည်နယ် အခမဲ့ ဆေးဝါးကုသရေး ဖောင်ဒေးရှင်း အဖွဲ့သို့ Land Curiser (24 Bar) အမျိုးအစား မော်တော်ကားတစ်စီးကို လှူဒါန်းပေးခဲ့သည် ဟုလည်း ကချင်ပြည်နယ် အခမဲ့ ဆေးဝါးကုသရေး ဖောင်ဒေးရှင်း အဖွဲ့ထံမှ သိရသည်။

ကချင်ပြည်နယ် အခမဲ့ ဆေးဝါးကုသရေး ဖောင်ဒေးရှင်း အဖွဲ့ အနေဖြင့် ဒေသခံ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု ပိုမို ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်မှ မြေနေရာ ချမှတ်ပေးထားပြီး ရုံးခန်းနှင့် ဆေးကုသရေး အဆောင်များ ဆောက်လုပ်ရန်အတွက် ကုန်ကျမည့် ငွေကြေးများကို ကချင်အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေး အဖွဲ့ချုပ် ဥက္ကဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဒူဝါကြီးဇခုန်တိန့်ယိန်းနှင့် ဒူဝါဇခုန်ယိန်းဆောင် မိသားစုတို့က လှူဒါန်းပေးခဲ့သည့်အတွက် ကျေးဇူးအထူးတင်ရှိကြောင်း ကချင်ပြည်နယ် အခမဲ့ ဆေးဝါးကုသရေးဖောင်ဒေးရှင်း ဥက္ကဌ ဘန်လွန်ဒူဝါ Dr.ဘွမ်ယွန် က အခုကဲ့သို့ ပြောပြသည်။

“ကျွန်တော်တို့ ဖောင်ဒေးရှင်း အတွက် လိုအပ်နေတဲ့ အဆောက်အဦ ကုန်ကျငွေ အစုစုတို့ကို အခုလို လှူဒါန်း ပေးတဲ့ ကချင်အထူးဒေသ(၁) ဥက္ကဌကြီးနဲ့တကွ ဒူဝါဇခုန်ယိန်းဆောင် မိသားစုတို့ကို အထူးပင် ကျေးဇူးတင် ပါတယ်။ အဆောက်အဦး တည်ဆောက်ဖို့အတွက် ကျွမ်းကျင် အင်ဂျင်နီယာတွေ တွက်ချက်ပေးထားတာ ကုန်ကျငွေ သိန်းလေးထောင် ဝန်းကျင်လောက်ရှိတယ်။ အရင်ဈေးနဲ့ဆို အဲ့လောက်မရှိဘူး အခုက ဈေးတွေ အားလုံးတက်နေလို့ပါ။ ရုံးနဲ့ ဆေးခန်း အမြန်ဆုံးပြီးစီးအောင် အကောင်ထည်ဖော်ဆောင်ရွက်နေပါတယ်။” ဟု ၎င်းက ပြောသည်။

ယခုတည်ဆောက်မည့် ကချင်ပြည်နယ် အခမဲ့ ဆေးဝါးကုသရေး ဖောင်ဒေးရှင်း ရုံးနှင့် ဆေးကုသရေး အဆောင် များ တည်ဆောက် ပြီးစီးပါက ပြည်နယ် ဒေသအတွင်းက အများပြည်သူများ၏ ကျန်းမာရေး လိုအပ်ချက်များကို ရှေ့ရှူ၍ စေတနာ့ဝန်ထမ်း ဆရာဝန်များ၊ သူနာပြုများက နေ့စဉ်အလှည့်ကျ တာဝန်ယူ ဆေးကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် အခမဲ့ ဆေးဝါးကုသရေး ဖောင်ဒေးရှင်းအဖွဲ့ကို ၂၀၁၅ ခုနှစ်၌ တည်ထောင် ဖွဲ့စည်းခဲ့ပြီး လက်ရှိပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဖြစ်သည့် သီရိပျံချီ ဦးခက်ထိန်နန်မှ ဦးဆောင်၍ ၂၀၁၆/၁၇ ခုနှစ်တို့တွင် မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ကာ ကချင်ပြည်နယ် အတွင်း ဝေးလံခေါင်ဖျား ဒေသများသို့ အရောက်သွားကာ ဒေသခံ ပြည်သူများ ကျန်းမာရေး အတွက် နယ်လည့် အခမဲ့ ဆေးကုသပေးခြင်း၊ ကျန်းမာရေး အတွက် အမှန်တကယ် အခက်အခဲရှိနေသူ တစ်ဦးစီးအလိုက် စောက်ရှောက်မှုများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထို့အပြင် ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားသည့် ကာလအတွင်းတွင် ကချင်ပြည်နယ် အတွင်း သာမက စစ်ကိုင်တိုင်းနှင့် ရှမ်းပြည်နယ် နယ်စပ်ဒေသများအထိ သွားရောက်ကာ ကာကွယ်ဆေးများကို သုံးကြိမ် ထိုးနှံရေး လုပ်ငန်းများ ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ ယခုနှစ်တွင်လည်း ကချင်ပြည်နယ် အထူးဒေသ (၁) အတွင်း သွားရာက်ကာ ဒေသခံပြည်သူ (၃၄၈၀) ဦး အား ဆေးဝါးကုသပေးခဲ့ပြီး ဆက်လက် ခွဲစိတ်ကုသပေးရန် လိုအပ်သည့် လူနာ (၃၅) ဦးကိုလည်း ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများသို့ အသုတ်လိုက်ခွဲ၍ ဆေးကုသပေးလျှက်ရှိကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။