Trending Now

ခြင်္သေ့လောင်အိမ်ထဲ ကျူးကျော်ဝင်ရောက်သွားတဲ့ ဂါနာအမျိုးသားတစ်ဦး ခြင်္သေ့ ကိုက်သတ်ခံရ

Spread the love

ခြင်္သေ့လောင်အိမ်ထဲ ကျူးကျော်ဝင်ရောက်သွားတဲ့ ဂါနာအမျိုးသားတစ်ဦး ခြင်္သေ့ ကိုက်သတ်ခံရ

EPN

နိုင်ငံတကာ၊ သြဂုတ် ၂၉

ဂါနာနိုင်ငံမြို့တော် အက်ကရာမှာရှိတဲ့ တိရစ္ဆာန်ရုံအတွင်း တားမြစ်ထားတဲ့ လောင်အိမ်အတွင်းကို ဝင်ရောက်သွားတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ခြင်္သေ့တစ်ကောင်က ကိုက်သတ်လိုက်တဲ့ ဖြစ်စဉ်တစ်ခု မနေ့က ဖြစ်ပွားခဲ့ကြောင်း တောရိုင်းတိရစ္ဆာန်များဆိုင်ရာ အေဂျင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါအမျိုးသားဟာ တိရစ္ဆာန်ရုံရဲ့ လုံခြုံရေးခြံစည်းရိုးပေါ်ကနေ ခုန်ချလိုက်တဲ့အချိန်မှာပဲ ခြင်္သေ့တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာဖြစ်ကြောင်း ဂါနာနိုင်ငံ တောရိုင်းတိရစ္ဆာန်များဆိုင်ရာ အေဂျင်စီဖြစ်တဲ့ သစ်တောကော်မရှင်က ပြောကြားခဲ့ပါတယ်။

“ကျူးကျော်ဝင်ရောက်သူဟာ ခြံစည်းရိုးအတွင်းက ခြင်္သေ့တကောင်ရဲ့ တိုက်ခိုက်ခံရပြီး ဒဏ်ရာရသွားပါတယ် သူဟာ ကိုက်ခံရတဲ့ ဒဏ်ရာကြောင့် သေဆုံးကြောင်းကို အတည်ပြုခဲ့ပြီး အလောင်းကို သက်ဆိုင်ရာကို လွဲပေးထားပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

လောင်အိမ်အတွင်းမှာ ရှိတဲ့ ခြင်္သေ့တစ်ကောင် နဲ့ သားပေါက် နှစ်ကောင်တို့ဟာ ထိမ်းသိမ်းထားတဲ့ အရံအတားအတွင်းမှာ လုံခြုံစွာရှိနေဆဲဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဒီလူဟာ ကန့်သတ်နယ်မြေထဲကို ဘယ်လိုဝင်ရောက်လာတယ်ဆိုတာကို ဖော်ထုတ်ဖို့အတွက် ဒီအမှုကို စုံစမ်းစစ်ဆေးနေပါတယ်။” လို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အက်ကရာ တိရစ္ဆာန်ရုံကို ဂါနာနိုင်ငံရဲ့ ပထမဆုံးသမ္မတ Kwame Nkrumah က ၁၉၆၀ ခုနှစ်များ အစောပိုင်းတွင် ကိုယ်ပိုင်တိရစ္ဆာန်ရုံအဖြစ် ပထမဆုံးတည်ထောင်ခဲ့ပြီး ၁၉၆၆ ခုနှစ် မှာတော့ တိရစ္ဆာန်ရုံကို အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ဖို့ ဖွင့်ပေးခဲ့ပါတယ်။

Source – ndtv

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။