Trending Now

ပန်းကလေးများပွင့်တော့မည်

Spread the love

ပန်းကလေးများပွင့်တော့မည်

EPN
သတင်းဆောင်းပါး၊ ၂၀၂၂ခုနှစ်၊ မေ ၂၄ ရက်

မကြာမီအချိန်တွင် အခြေခံပညာကျောင်းများ ဖွင့်တော့မည်။ စနစ်သစ်၊ စနစ်ဟောင်း အကူးအပြောင်းတွင် ကျောင်းနေအရွယ် ကလေးငယ်များ မလေလွင့်စေရန် အခြေခံပညာမှ ထုတ်ပြန်သည့် သတင်းအမှန်များ အချိန်နှင့်တပြေးညီ ရှိသိရန် လိုအပ်သည်။ ပညာရေးစနစ်သစ်အပြောင်းအလဲတွင် သတင်းမှားများကြောင့် ကလေးများ၏ဘဝ မနစ်မွန်းစေချင်။ Education for All ပညာရေးသည် လူတိုင်းအတွက်ဖြစ်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးများဆိုင်ရာ အထွေထွေ ကြေညာစာတမ်း အပိုဒ် ၂၆ ။ အပိုဒ်ခွဲ ( ၁ ) တွင် လူတိုင်းသည် ပညာ သင်ယူရန် အခွင့်အရေး ရှိသည်။ (Everyone has the right to education.) ဟု ဆိုသည်။

“လူတိုင်းက လူကောင်းဖြစ်လိုကြပါတယ်။ လူတိုင်းအေးချမ်းစွာ ဘဝကိုဖြတ်သန်းလိုကြပါတယ်။ လူ့ဘဝ အကျိုးပေးဆိုတာ ကိုယ်စိုက်တဲ့ အသီးကိုယ်ရိတ်သိမ်း ခူးဆွတ်ရမှုပါ။ ငယ်စဉ်အခါက ပညာရှာတဲ့ကိစ္စဟာ ဘဝတစ်ခုလုံးအတွက် ဗဟိုချက်ပါ။ ကုန်လွန်သွားတဲ့အချိန်တွေ အလဟဿဖြုန်းတီးခဲ့တဲ့ အချိန်တွေအတွက် နှောင်းနောင်တတွေ ရတက်ကြပါတယ်။ ရိုးရှင်းတဲ့ဘဝဖြစ်တည်မှု ပတ်ဝန်းကျင်မှာ ယထာဘူတကျကျ ရှင်သန်တက်ဖို့ အရေးကြီးပါတယ်” လို့ ကုန်စိမ်းရောင်းချရင်း ကျောင်းသား ကျောင်းသူငါးယောက်ရဲ့ မိခင်ဖြစ်သူ ဒေါ်အေးက ပြောသည်။

ပညာသင်ကြားရေးတွင် မိဘက အခရာဖြစ်သည်။ ဆရာသည် စာသင်ခန်းတွင်ရောက်လာသည့် တပည့်ကို ဒုတိယမိဘသဖွယ် တာဝန်ယူကြရသည့် သူများပင်ဖြစ်ပေသည်။ မြန်မာဓလေ့တွင် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဟု သတ်မှတ်ထားသည်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုရာတွင် ပညာမဲ့အချိန်တန်ဖိုး လေလွှင့်သူတွေ မမွေးထုတ်မိရန် လူကြီးများ၏ မဟာတာဝန်ကြီးတစ်ခု ဖြစ်ပေသည်။

“ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ”ဆိုတဲ့ သားသမီးကျင့်ဝတ်ကို အပြည့်အဝ စောင့်ထိန်းလိုက်နာစေရေးက မိဘကျင့်ဝတ်ဖြစ်တဲ့ “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတက်တင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြှားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ”အရေးပါ ပါတယ်။ အဓိက အရေးကြီးဆုံးအချက်ကတော့ အတက်သင်စေဆိုတဲ့ သားသမီးကို ပညာသင်ကြားစေရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်မီအနာဂတ်ကို အလှဆင်မယ့် မွေခံထိုက်တဲ့ သားသမီးတွေဖြစ်စေဖို့ ကျွန်မတို့မိဘတွေက ပင်ပန်းဆင်ရဲခံပြီး မိဘဝတ္တရား အတိုင်း ကျောင်းထားပေးတယ်။ ကျွန်မတို့မိဘတွေကလည်း ကျွန်မတို့မောင်နှမတွေ မပြစ်မမြင်အောင် တောသူတောင်သားဘဝနဲ့ကျောင်းထားပေးခဲ့ကြတယ်။ ၈၈ အရေးအခင်းကြောင့် ဆယ်တန်းတော့ အောင်ခဲ့တယ်။ အသက်တွေကြီးပြီး ဘွဲ့မရခင် အိမ်ထောင်ကျခဲ့တော့ ခုလိုဖြစ်ခဲ့ရတယ်။ ကိုယ့်သားသမီး တွေကိုတော့ ကိုယ့်ထက်မြင့်စေချင်တယ်” ဟု ၎င်းကဆက်ပြောသည်။

အခြေခံပညာကို ခိုင်မာစွာ တည်ဆောက်နိုင်မှ နိုင်ငံတိုးတက်ဖွံ့ဖြိုးမှု မြန်ဆန်လာမည်ဖြစ်သည်။ လူပြိန်းကြိုက် စကားလုံးဆန်းများ၊ လက်တွေ့မကျသော မှိုင်းတိုက်မှုများ၊ စိတ်ကူးယဉ်အရူးထ တရားနည်းလမ်း မကျမှုများသည် ပြုပြင်ပြောင်းလဲရေးနှင့် တိုးတက်အောင်မြင်သော လူမှုအသိုက်အဝန်းကို မဖော်ဆောင်နိုင်ပေ။

အခြေခံပညာ အထက်တန်းကျောင်းများသည် အခမဲ့ပညာရေးစနစ်ဖြစ်လာ သည့်နှင့်အမျှ (Education shall be free, at least in the elementary and fundamental stages.) အဆင့်မြင့် ပညာရေးတွင် (On the Merit) ဉာဏ်ပညာ အရည်အချင်း သတ်မှတ်ချက် အပေါ် အခြေခံပြီး၊ (On the Money) ငွေကြေးအပေါ် အခြေမခံသော လူတိုင်းအတွက် တန်းတူညီမျှစွာ သင်ယူခွင့် (Higher education shall be equally accessible to all on the basis of merit.) များရရှိနိူင်ကြောင်း သတင်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် အခြေခံပညာသင်ယူသူကျောင်းသား ကျောင်းသူ ၉ သန်းကျော်နှင့် ဆရာ ဆရာမပေါင်း ၄ သိန်းကျော်ရှိကြောင်း ပညာရေးဌာနမှ သိရသည်။ အဆိုပါ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ၁၀ သန်းမျှရှိသည်။ ၎င်းပမာဏသည် မြန်မာနိုင်ငံလူဦးရေ၏ ၅:၁ ငါးပုံတစ်ပုံရှိသည်။

“ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုသလို ကလေးများသည် အနာဂတ်နိုင်ငံတော်အတွက် ရတနာများပင် ဖြစ်သည်။ ကလေးများပညာတတ်မြောက်ပြီး အသိတရားများတိုးတတ်မြင့်မားလျှင် လူမှုဘဝနှင့် နိုင်ငံတော်စည်ပင်သာယာ တိုးတက်ကြီးပွားလာနိူင်သည်။ လူကြီးသည်လူငယ်ဘဝကို ဖြတ်သန်းခဲ့ရသည်။ ဆရာတိုင်းသည်တချိန်က တပည့်ဖြစ်ခဲ့ရသည်။ အသိမကြွယ် လူမမည်ကလေးများအား အကျင့်စာရိတ္တ အသိပညာမြင့်မားအောင်၊ လောကကိုအလှဆင်လိုစိတ်များ ကိန်းအောင်းသက်ဝင်စေရန် “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း ကျောင်းနေအရွယ်တိုင်း ကျောင်းနေစေချင်သည်။ သို့မှသာ ကလေးများအဖို့ ရောက်ရာဘဝ ကျရာကဏ္ဍမှ ပါဝင်ထမ်းရွက်နိူင်သည့် လူပီသသော လူဖြစ်ရကျိုးနပ်သူ လူအများ၏ လေးစားခြင်းခံရသူ ဖြစ်လာနိူင်သည်။

မြန်မာ့ပညာရေးတွင် ကလေး၊ မိဘ၊ ဆရာပူးပေါင်းပြီး အပြန်အလှန် ယုံကြည်ကိုးစားသော သင်ကြားသင်ယူ ထောက်ပံ့ဖြည့်ဆည်းမှုသည် နိုင်ငံသားတာဝန်၊ လူသားတာဝန်ကျေပွန်မှုကို ဧကန်စင်စစ်ဖြစ်ပေမည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်၏ လူပီသမှု၊ အသိတရားပြည့်ဝမှု၊ အပြန်အလှန်လေးစားတန်ဖိုးထားမှုများနှင့် ကိုယ်စီ တာဝန် ကျေပွန်နိူင်ကြရန်ဆန္ဒပြု တင်ပြလိုက်ရသည်။

ကိုးကား – ကြိုင်သင်း၏ ပင်ယံဝင့်ကြွားပန်းကလေးများ

Photo Google Search
ဟိန်းသစ်မွန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။