Trending Now

အာဆီယံမဏ္ဍိုင် (၃) ရပ်၏ ဝန်ကြီးဌာနများ အကြား အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ စာတမ်း၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

Spread the love

အာဆီယံမဏ္ဍိုင် (၃) ရပ်၏ ဝန်ကြီးဌာနများ အကြား အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ စာတမ်း၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

EPN
နေပြည်တော်၊ အောက်တိုဘာ ၆ (၂၀၂၃)

အာဆီယံမဏ္ဍိုင် (၃)ရပ်ဖြစ်သော အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင်၊ အာဆီယံ စီးပွားရေး အသိုက်အဝန်းမဏ္ဍိုင်နှင့် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်တို့၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ စာတမ်း၏ ရှေ့ ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၅ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ ကို အပြီးသတ်ရေးဆွဲနိုင်ခဲ့ခြင်းအပေါ် ကျေနပ်အားရမိကြောင်းနှင့် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၌ မိမိတို့၏သက်ဆိုင်ရာ အမျိုးသားစီမံကိန်းများနှင့် ကိုက်ညီစွာ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် အမျိုးသားအကျိုးစီးပွား ဖြစ်ထွန်းစေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ဆက်လက်ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ ကြောင်း သိရသည်။

ယင်းအပြင် ဒုတိယဝန်ကြီးက လာမည့် ၂၀၂၄ ခုနှစ် တွင်အာဆီယံ၌ မြန်မာနိုင်ငံမှ ထိရောက်အကျိုး ရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် အလားအလာများ၊ စိန်ခေါ်မှုများအပေါ် သုံးသပ် ဆွေးနွေးပြောကြား ကာ အစည်းအဝေးတက်ရောက်လာသူများက မိမိတို့၏အမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ဖလှယ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့ (HLTF-ACV) ၏ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဝါဝါမောင်က “တက်ကြွ၍ ကြံ့ခိုင်မှုရှိသော ပြည်သူ့ဗဟိုပြုအာဆီယံ” ဆောင်ပုဒ်ဖြင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ စာတမ်းအား အပြီးသတ်ရေးဆွဲနိုင်ခဲ့ခြင်းအပေါ် ရှင်းလင်းပြောကြားခဲ့ပြီး၊ ရှေ့ကာလ၌ ယင်းစာတမ်း၏ ဆက်စပ်စာ တမ်း၊ မဟာဗျူဟာအစီအစဉ်များ ဆက်လက်ရေးဆွဲရာတွင် မိမိတို့နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားနှင့် ချိတ်ဆက်ကာ သက်ဆိုင်ရာအာဆီယံမဏ္ဍိုင်အလိုက် ဝန်ကြီးဌာနများနှင့် ဆက်စပ်အဖွဲ့အစည်း များအနေဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားရန် အရေးကြီးကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့် အာဆီယံမဏ္ဍိုင် (၃) ရပ်အောက်ရှိ သက်ဆိုင်ရာ ဝန်ကြီးဌာန ကိုယ်စားလှယ်များက အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံက အာဆီယံ၌ ပူးပေါင်း ပါဝင်ဆောင်ရွက်နေမှု အခြေအနေ၊ ၎င်းတို့၏ သက်ဆိုင်ရာမဏ္ဍိုင် အသီးသီးအောက်မှ ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များနှင့် အနာဂတ်အာဆီယံ အလားအလာအပေါ် အမြင်ချင်း ဖလှယ်သုံးသပ် ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးထွဋ်၊ ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် မဏ္ဍိုင် (၃)ရပ်အောက်ရှိ ဝန်ကြီးဌာန ၁၀ ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆာကူရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။