Trending Now

ဆန်၊စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ ဧရာဝတီတိုင်းမှာ ဆန်တစ်အိတ် ၂၅၀၀၀ အထိ ဈေးတက်လာလို့ အခြေခံလူတန်းစားတွေ အခက်အခဲဖြစ်ပေါ်

Spread the love

ဆန်၊စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ ဧရာဝတီတိုင်းမှာ ဆန်တစ်အိတ် ၂၅၀၀၀ အထိ ဈေးတက်လာလို့ အခြေခံလူတန်းစားတွေ အခက်အခဲဖြစ်ပေါ်

EPN
ဧရာဝတီ၊ ဇူလိုင် ၈

ဆန်စပါး အများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ ဧရာဝတီတိုင်းမှာ ဇူလိုင်လတွင်း ဆန်တစ်အိတ်ကို အရင်ထက် ငွေကျပ် ၂၅၀၀၀ အထိ ဈေးထိုးတက်လာတဲ့ပတွက် အခြေခံလူတန်းစားတွေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံ တွေဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်းမှာ အခြေခံလူတန်းစားတွေအများဆုံး စားသုံးတဲ့ ရက် ၉၀ ၊ ဧည့်မထ၊ သီးထပ်ရင်၊ မနောသုခ၊ ဧရာပဒေသာ ၊ ထိုင်းဘေးကြား စတဲ့ဆန်အကြမ်းအုပ်စုမှာ ပါဝင်တဲ့ ဆန်အမျိုးအစား ၂၄ ပြည်ပါ တစ်အိတ်ကို အရင်ကငွေကျပ် ၅၅၀၀၀ အထိသာဈေးရှိခဲ့ပြီး၊ ပေါ်ဆန်း၊ တောင်ပျံ စတဲ့ ဆန်ချောတွေကလည်း တစ်အိတ်ကို ၇၂၀၀၀ ကျပ်အထိသာ ဈေးရှိခဲ့တယ်လို့ သိရပါတယ်။

အခုအဲ့ဒီ ရက် ၉၀ ၊ ဧည့်မထ၊ သီးထပ်ရင်၊ မနောသုခ၊ ဧရာပဒေသာ ထိုင်းဘေးကြားစတဲ့ ဆန်အကြမ်းအုပ်စုမှာ
ပါဝင်တဲ့ ၂၄ ပြည်ပါ ဆန်တစ်အိတ်ကို ငွေကျပ် ၇၉၀၀၀ အထိဈေးတက်လာပြီး၊ တောင်ပျံနဲ့ ပေါ်ဆန်းမွှေး တစ်အိတ်ကို
၁၀၅၀၀၀ အထိ ဈေးထိုးတက်လာတယ်လို့ သိရပါတယ်။

” ဒီလထဲမှာကို ဆန်ဈေးက အရင်ထက်ထိုးထပ်တက်လာတာ။ အလုပ်အကိုင်က အဆင်မပြေဖြစ်နေရတဲ့အထဲ ဆန်ဈေးကဒီရေအလား ထိုးတက်နေတော့ ဒုက္ခရောက်တာပေါ့။ အခုဈေးနဲ့ ကြာလာရင် ဆန်ပြုတ်သာသောက်ရတော့မယ်။ တချို့ လက်လုပ်လက်စားတွေဆို ဆန်ကွဲ ဝယ်စားနေရတယ်။ ငတ်တဲ့ ပြတ်တဲ့ အထိ ဖြစ်လာတဲ့သူတွေလည်းရှိနေတယ်။ စပါးဈေး၊ ဆန်ဈေးကောင်းကောင်းရဖို့ ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေက လှောင်ထားတော့ ငါတို့စားသုံးသူ အခြေခံလူတန်းစားတွေဆီ လာထိတာပေါ့။ အခု ဆန်ဈေးက မြန်မာနိုင်ငံမှာ ဆန်စပါး အများဆုံးစိုက်တဲ့ ဒေသမှာ တစ်ခါမှ မပေါက်တဲ့ဈေးပါ ” လို့ ဧရာဝတီတိုင်းက ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို ဆန်ဈေးတွေ ထိုးတက်လာတာဟာ ဈေးကစားဖို့ အမြတ်ကြီး ထုတ်ဖို့သိုလှောင်ထားသူတွေကြောင့်နဲ့ အခုနှစ် နွေစပါး စိုက်ပျိုးတဲ့ရာသီက နွေစပါးတွေအထွက်နှုန်း ကျဆင်းခဲ့တာကြောင့်ဖြစ်ကာ နောက်ထပ် နွေစပါးအသစ် တွေမပေါ်ခင် အချိန်အထိ ဈေးတက်နေလိမ့်မယ်လို့ ဆန်၊ စပါး ကုန်သည်တွေရဲ့ပြောပြချက်အရသိရပါတယ်။

” အခုအဖြစ်က ဂျာအေးသူ့အမေရိုက်ဆိုတဲ့ ပုံစံဖြစ်နေပြီ။ တောင်သူတွေက အခုနှစ် နွေစပါးတွေ စိုက်တဲ့အချိန်က မြေဩဇာတွေ အပြည့်အဝ မသုံးစွဲခဲ့ရဘူးလေ။ ဒါ့ကြောင့် ဒီနှစ်စပါးတွေ အထွက်နှုန်းလျော့ကျခဲ့လို့ ဆန်ဈေးက အတက်ဘက်မှာပဲ ရှိနေတာ။ အခုနှစ် မိုးစပါးကို အခက်အခဲမရှိ စိုက်နိုင်မှ အဆင်ပြေမယ်။ ဒါမှ လာမယ့် နွေစပါးအသစ်တွေလှိုင်လှိုင် မပေါ်ခင်အချိန်မှ ဆန်ဈေးကျမယ်ထင်တယ်။ စပါးအသစ်တွေ လှိုင်လှိုင်မပေါ်ချိန်အထိ ဈေးတက်နေလိမ့်မယ်လို့ ယူဆတယ် ” ဟု ဧရာဝတီတိုင်းက ဝါရင့် ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အဲ့ဒီလို ဆန်၊ စပါးတွေ အဆမတန် ထိုးတက်လာတာကြောင့် လုယက်၊ သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားလာနိုင်ပြီး၊ အခြေအနေကို ထိန်းချုပ်ဖို့ရာအတွက် ကုန်သည်တွေ၊ စက်ပိုင်တွေ၊ တောင်သူတွေနဲ့ သက်ဆိုင်ရာဌာနအဖွဲ့ အစည်းတွေက ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရင် အဆင်ပြေလိမ့်မယ်လို့ ဒေသခံတွေက သုံးသပ်ယူဆ နေပါတယ်။

ဧရာဝတီတိုင်း တစ်ခုလုံးမှာ မိုးစပါးစိုက်ဧက ၃ ဒသမ ၇ သန်းကျော်ရှိပြီး၊ နွေစပါး စိုက်ဧက ၁ ဒဿမ ၄ သန်းခန့်ရှိကြောင်း၊ ဧရာဝတီတိုင်းမှာ ပေါ်ဆန်း၊ ဆင်းသုခ၊ရက် ၉၀၊ မနောသုခ၊ ထိုင်းဘေးကြား၊ ဧရာဒေသာ၊ နှံကားဧရာမင်း စတဲ့ စပါးအမျိုးအစားတွေကို အများဆုံး စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။