Trending Now

ရန်ကုန်မှ ဧရာဝတီတိုင်းအတွင်းသို့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများတွင် ခရီးသည်တစ်ဦးလျှင် ၁၅၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာ

Spread the love

ရန်ကုန်မှ ဧရာဝတီတိုင်းအတွင်းသို့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများတွင် ခရီးသည်တစ်ဦးလျှင် ၁၅၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာ

EPN
မအူပင် ၊သြဂုတ်၊ ၂၉

စက်သုံးဆီဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ရန်ကုန်မှ ဧရာဝတီတိုင်းအတွင်းသို့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများတွင် ခရီးသည်တစ်ဦးလျှင် တစ်သောင်းခွဲကျပ်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း လတ်မှတ်အရောင်းဌာနများမှ သိရသည်။

ယခင်က အဝေးပြေးမော်တော်ယာဉ် စီးခအနေဖြင့် ခရီးသည်တစ်ဦးလျှင် ၅၀၀၀ ကျပ်အထိသာ ရှိခဲ့ရာမှ စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်း လိုသလောက် ဝယ်မရခြင်းများကြောင့် သြဂုတ်လ ဒုတိယအပတ်အတွင်းမှ စတင်ကာ ခရီးသည်တစ်ဦးလျှင် ၁၅၀၀၀ အထိ ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ယာဉ်လိုင်းများထံမှ သိရသည်။

”စက်သုံးဆီဈေးတွေတက်နေပြီး နိုင်ငံရေးကြောင့် ခရီးသွားတွေလျော့ကျနေလို့ ကားစီးခနှုန်းထားတွေ တက်သွားရတာပါ ၊ လက်ရှိ ရန်ကုန်ကို အသွားအပြန် ဆီသုံးသိန်းဖိုးလောက်ထည့်ရပါတယ် ၊ဆီကျတော့လည်း တစ်နေရာထဲမှာ လည်းထည့်မရပါဘူး ၊ အရင်က ၈၀၀၀၀ ဖိုးကနေ ၁၂၀၀၀၀ အထိလောက်သာကုန်ကျစရိတ်ရှိ တာပါ၊ အတော့်ကို အခက်အခဲတွေနဲ့ကြုံနေရလို့ မဖြစ်တဲ့ အဆုံး ကားစီးခဈေးကလည်း တက်လိုက်ရတာပါ။” ဟု ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယခုကဲ့သို့ ယာဉ်စီးခဈေးနှုန်း အဆမတန် မြင့်တက်လာခြင်းကြောင့် ကုန်သည်တချို့ အခက်အခဲရှိလာသလို ခရီးသွားများလည်း အခက်ကြုံနေကြကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

”ကားစီးခဈေးတွေက အရင်ကလူ ၁ ယောက်ကို ကျပ် ၅၀၀၀ အထိသာရှိတာပါ၊ ဈေးတက်လာပေမယ့်လည်း ၇၀၀၀ အထိလောက်ပဲရှိတာ ၊ အခုတော့ လူ ၁ ယောက်ကို ကျပ် ၁၅၀၀၀ အထိဈေးတက်သွားတယ် ၊ အခုရန်ကုန်ကိုသွားမယ်ဆို ဘာမှမစားပဲ အနည်းဆုံး ၃၀၀၀၀ ရှိမှသွား လို့ရတော့တယ် အခုဆိုရင် ၂ ပတ်လောက်ရှိပြီး ကားစီးခဈေးတက်လို့ ရန်ကုန် ကုန်ပစ္စည်းသွားမဝယ်နိုင်တာ ၊ အရောင်း အဝယ် မလုပ်ရပဲ ရှိတာလေး ထိုင်စားနေရတယ် ။”ဟုခရီးသွား ဒေသခံ တစ်ဦးကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသည့် အဝေးပြေးမော်တော်ယာဉ် အစီးရေ ၆၀ ကျော်ရှိသော်လည်း စက်သုံးဆီဈေးမြင့်တက်ခြင်းနှင့် လိုသလောက်ဝယ်မရခြင်းကြောင့် ယာဉ်ပြေးဆွဲမှုများ ရပ်နားလာရဖွယ်ရှိကြောင်း ပုဂ္ဂလိကမော်တော်ယာဉ်များပြေးဆွဲရေးအဖွဲ့မှ သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။