Trending Now

ပူတာအိုမြို့ လေယာဉ်ကွင်းဈေး၌ ကိုရိုနာဗိုင်းရပ်ရောဂါအသိပညာပေးလုပ်ငန်းပူးပေါင်း ဆောင်ရွက်

Spread the love

ပူတာအိုမြို့ လေယာဉ်ကွင်းဈေး၌ ကိုရိုနာဗိုင်းရပ်ရောဂါအသိပညာပေးလုပ်ငန်းပူးပေါင်း ဆောင်ရွက်

EPN
ပူတာအို၊ မတ် ၃၁

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူ များလိုက်နာရမည့်အချက်များနှင့် ရောဂါကူးစက်ပြန့် ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် အသိပညာပေး ဗီနိုင်းပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို မတ် (၃၀)ရက် နံနက် (၆) နာရီခွဲက လေယာဉ်ကွင်းလမ်းဆုံ(ရုပ်ထု)နှင့် ဈေးတွင်တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

“ကျွန်တော်တို့ ပူတာအိုမြို့နယ်မှာ ဇန်နဝါရီလမှ မတ်လကုန်အထိ ကူးစက်မြန်ရောဂါကြိုတင်ကာကွယ် ရေးလုပ်ငန်းအနေနဲ့ ပူးပေါင်းအဖွဲ့များက မြန်မာနဲ့ကချင် နှစ်ဘာသာဖြင့် ထုတ်ဝေထားတဲ့အသိပညာပေးလက် ကမ်းစာစောင် (၄၀၀၀)ကျော်ဖြန့်ဝေခဲ့ပြီးဖြစ်ပါတယ်။ ဗီနိုင်းပိုစတာကျတော့ လူအသွားအလာများတဲ့ မြို့ပေါ် ရပ်ကွက် သုံးခုမှာ စိုက်ထူနိုင်ခဲ့ပါတယ်။

ပြည်သူတွေရဲ့ကြားထဲမှာ ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်ရမယ့် လုပ်ငန်းတွေ လိုက်နာရမယ့်လုပ်ငန်းတွေ ဆောင်ရန်ရှောင်ရန်တွေကို ပိုမိုပြီးမှသိရှိလိုက်နာဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ် “ဟု မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး မြို့နယ်ကျန်းမာရေးမှူး ဦးကျော်မြင့်အောင်က ပြောသည်။

“အဓိကအားဖြင့် ဈေးဟာလူစုလူဝေးအများဆုံးရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် နေ့တိုင်းဈေးမဝယ်ပါနဲ့ နေ့တိုင်းဈေးဝယ်မယ့်အစား သုံးရက်တစ်ခါ တစ်ပတ်တစ်ခါဝယ်ပြီးမှ ထားမယ်ဆိုရင် လူစုလူဝေးကို လျော့ချရာကျတယ်ဆိုတဲ့အကြောင်းကို ပညာပေးဟောပြောပါတယ်။

နောက်ပြီးတော့ဈေးထဲမှာ မလိုအပ်ပဲနဲ့ ကြိတ်ကြိတ်တိုးနေတယ်ဆိုတာလည်း ဒီအချိန်မှာမလုပ်ဖို့ပြောထားတယ်။ ကုန်စိမ်းတန်းတွေကတော့ သုံးပေခြားရောင်းချဖို့ ပညာပေးပြောကြားရခြင်းဖြစ်ပါတယ် “ဟု ၎င်းကဆက်လက်ပြောကြားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ မိမိကစ၍ကာကွယ်ပါ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ လက်ကိုစနစ်တကျမကြာခဏဆေးကြောပါ၊ နေ့စဉ်ဘဝခပ်ခွာခွာနေကြပါ စသည့်ခေါင်းစဉ်များပါသည့် အသိပညာပေးဗီနိုင်းပိုစတာကို စိုက်ထူခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဈေးသူဈေးသားများ၊ ဈေးဝယ်သူများနှင့်လမ်းသွားလမ်းလာများ ကိုဖြန့်ဝေခဲ့ကြ ခြင်းဖြစ်သည်။

အဆိုပါအသိပညာပေးလုပ်ငန်းကို ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ ခရိုင်ဆေးရုံအုပ် ဒေါက်တာသန့်ဇင်ထွန်းတို့ ဦးဆောင်မှုဖြင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ထွေအုပ်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းဆောင် ရွက်ခဲ့ကြကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။