Trending Now

စပါးအထွက်တိုးစေဖို့

Spread the love

စပါးအထွက်တိုးစေဖို့

EPN
သတင်းဆောင်းပါး၊ ၂၀၂၂ခုနှစ်၊ ဇွန်လ ၁၁ ရက်
ဟိန်းသစ်မွန် ရေးသည်။

ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံများတွင် ဆန်စပါးကို အဓိက စားသုံးကြသည်။ ထို့ကြောင့် စပါးသည် မရှိမဖြစ် စိုက်ပျိုးရန် လိုအပ်သော သီးနှံ တစ်မျိုးဖြစ်သည်။ စပါးကို မစိုက်၍ မဖြစ်ပါ။ စပါးစိုက်ပျိုးရေးသည် ကျေးလက်ဒေသ၏ အရေးပါသော အလုပ်အကိုင် အခွင့်အလမ်း တစ်ခုပင်ဖြစ်သည်။ အပူပိုင်းဒေသတွင် စပါးကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိသည်မှာ လူဦးရေနည်းသည့် အိမ်ထောင်စုပိုင် လယ်ယာမြေများတွင် ဖြစ်သည်။

စပါးက ထူးခြားသော သီးနှံတစ်မျိုးဖြစ်သည်။ ပူနွေးစိုစွတ်သောရာသီဥတုရှိ နိုင်ငံများတွင် နေရာမရွေး စိုက်ပျိုးနိူင်သည်။ မိုးရေသောက်၊ ရေတော်မိုးတော် လယ်မြေများတွင် စိုက်နိူင်သည်။ ဆည်ရေသောက် လယ်မြေများတွင် အစိုက်များသည်။ မိုးများရေလွှမ်းဒေသများတွင်လည်း လက်မလွှတ်တမ်း စိုက်ကြသည်။ မိုးရေသောက်၊ မိုးနည်းသော၊ သွင်းရေလည်း မရနိုင်သော ယာမြေမျိုးတွင် ကန်သင်းကန့်စရာမလို စပါးကို မိုးရာသီတွင် စိုက်နိုင်သည်။ အာရှဒေသတစ်ခွင်တွင် တောင်ပေါ်မြေပြန့်နေရာမရွေး စပါးစိုက်ပျိုးလျက်ရှိသည်ကို တွေ့မြင်နိုင်သည်။

ယာစပါးမှာ လယ်မြေမဟုတ်သော ယာမြေတွင် စိုက်ပျိုးခြင်းကို ခေါ်နိုင်သည်။ ယာမြေတွင် မြေလတ်ကုန်းမြင့်၊ တောင်ပေါ်ဒေသ ကုန်းမြင့်မြေ၊ တောင်ကုန်းတောင်စောင်းမြေ အားလုံးပါဝင်သည်။ ခြုံ၍ပြောရလျှင် ကန်သင်း မကန့်ဘဲ စိုက်သော စပါးများကို ယာစပါးဟုခေါ်နိုင်မည်။ လယ်စပါးက လယ်မြေတွင် ရေရှိသော အခြေအနေ တွင် စိုက်ပျိုးခြင်းဖြစ်သည်။ လယ်မှာ ကန်သင်းရှိသည်။ မိုးပဲရွာရွာ သွင်းရေပဲရရ စပါးခင်းမှာ ရေကို ထိန်းထား နိုင်အောင် ကန်သင်းကန့်ထားသည်။ တမန်းပြင်သည်။ ကြမ်းရိုက်သည်။ စပါးစိုက်သည်။ စိုက်နည်းစနစ် နှစ်မျိုးလုံး အသုံးပြုသည်။ ပျိုးထောင်ကောက်ခြင်းရှိသည်။ တိုက်ရိုက်မျိုးစေ့ချ စိုက်ခြင်းလည်းရှိသည်။

“စပါးအထွက်တိုးဖို့က ဒေသနှင့်ကိုက်ညီမယ့် မျိုးကောင်းမျိုးသန့် ဖြစ်ဖို့လိုတာပေါ့။ ဆူးထိုး အစေ့ချပုံးဆွဲခြင်းက စိုက်ပျိုးစာရိတ်သက်သာသော်လည်း စပါးပင်နဲ့အတူထလာမယ့် ပေါင်းမြက်တွေကို အချိန်နဲ့တပြေးညီ နှိမ်နင်း ပေးနိူင်မှ နိူ့မိုဆို တံဇဉ်တောင်လွတ်သွားနိူင်တယ်။ စပါးစိုက်ရတာလည်း မယားငယ်ထားရသလိုပါပဲ။ ပျိုးထောင်စိုက်တာက စိုက်စာရိတ်ပိုကုန်တယ်။ လယ်ထဲရေရှိမှ စိုက်ရတာဆိုတော့ မြေနဲ့တမန်းကောင်းအောင် ပြုပြင်ပြီးမှစိုက်တော့ ပေါင်းမြက်မျိုးနွယ်အတော်များများက ရေရှိတော့ပေါက်မလာနိူင်ဘူး။ ကျွန်တော်လယ်က ကျဉ်းတယ်။ အားလုံး ငါးဧကပဲ။ စိုက်ပျိုးစာရိတ်ချေးငွေကိုလောက်အောင်သုံးတယ်။ ကောက်ကွက် ပြည့်မီအောင် စိုက်တယ်။ သွင်းအားစုတွေ အားလုံးလိုအပ်မှသုံးတယ်။ အဓိက ဓါတ်မြေသြဇာနဲ့ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေကအစ အားလုံးကဈေးကြီးတော့ ကြိုတင်ပြီးမြေကိုပြုပြင်ရတယ်။ ပိုးမကျအောင်နဲ့ ရေသွင်းရေထုတ်က နေ့စဉ် ပေါင်းမြက်ရှင်းရင်း သွားကြည့်ရတယ်။ အောင်ရေရရင် စပါးငါးရာလောက်တော့ အိမ်ရောက်တယ်။ ချေးငွေနဲ့ကျန်တာကတော့ အထွေထွေသုံး (သွင်းအားစု) ဖြစ်သွားတယ်”လို့ ကိုယ်ပိုင် လက်တွန်း ထွန်းစက်ဖြင့် စပါးစိုက်ပျိုးသူ ကိုဇော်လှိုင်က ပြောပြသည်။

ယာစပါးခင်းတွေမှာ အများဆုံးပေါက်ရောက်လေ့ရှိတဲ့ ပေါင်းပင်တွေကတော့ မြက်မျိုးအုပ်စုဝင် ပေါင်းပင်များ (grass weeds)နှင့် ရွက်ပြန့်အုပ်စုဝင်ပေါင်းပင်များ (broadleaf weeds) ဖြစ်သည်။ စပါးစိုက်ပြီးနောက် ပေါင်းမြက်ကို နှိမ်နှင်းပေးသည့် အချိန်ကာလအပေါ်လည်း မူတည်သည်။ စောစောနှိမ်နင်းလေ ဆုံးရှုံးမှုနည်းလေ ဖြစ်သည်။ ပုံသေမှတ်ထားသင့်သည်။ မည်သည့်သီးနှံကို စိုက်ပျိုးသည်ဖြစ်စေ သီးနှံပင်သက်တမ်း၏ ပထမသုံးပုံ တစ်ပုံကာလအတွင်း ပေါင်းမြက်ကင်းစင်အောင် နှိမ်နင်းသင့်သည်။ ပေါင်းမြက် မနှိမ်နင်းနိုင်သည့်ကာလအပေါ် မူတည်ပြီးတော့လည်း စပါးအထွက်ဆုံးရှုံးနိုင်ပါသည်။

လယ်စပါးနှင့်ယာစပါးနှစ်မျိုးအနက် ပေါင်းမြက်နွယ်ပင်များကြောင့် ဆုံးရှုံးမှုအများဆုံးမှာ ယာစပါးပင်ဖြစ်သည်။ အာရှတိုက်တွင် ပေါင်မြက်ကြောင့် ဆုံးရှုံးမှုမှာ တိုက်ရိုက်မျိုးစေ့ချလယ်စပါးတွင် ၄၅ မှ ၇၅ ရာခိုင်နှုန်းနှင့် ပျိုးထောင်စိုက်လယ်စပါးတွင် ၅၀ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးနိူင်ကြောင်း အပြည်ပြည်ဆိုင်ရာ စပါးပေါင်းမြက် သုတေသန စာတမ်းတွင်ဖေါ်ပြထားသည်။ မြန်မာနိုင်ငံတွင် စပါးကိုမိုးနှင့်နွေရာသီတို့တွင် စိုက်ပျိုးပြီး မိုးစပါးတွင် ၁၇ ရာခိုင်နှုန်းနှင့် နွေစပါးတွင် ၃၂ ရာခိုင်နှုန်းအထိ ပေါင်းမြက်များကြောင့် ပျက်စီးဆုံးရှုံးကြောင်း မြန်မာ့ သုတေသန ပညာရှင်များက ဖေါ်ပြသည်။

 

ဟိန်းသစ်မွန်
ကိုးကား – မြန်မာလယ်ယာစီးပွားသတင်း

 

ရေတော်မိုးတော် ဆိုသည်မှာ ဆည်ရေသောက် မဟုတ်သော မိုးရေခံလည် ဖြစ်သည်။ ပုံ(၁)

ဆည်ရေသောက် နွေစပါး မိုးစပါးခင်း။ (၂)

တောင်ယာစပါးခင်း ပေါင်းမြက်ရှင်းထားပုံ။ ပုံ(၃)

ကုန်းမြင့်လယ်ယာ။ ပုံ (၄)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။