Trending Now

တောမီးအန္တရာယ် သတိထားဖို့ လိုပြီ

Spread the love

 

တောမီးအန္တရာယ် သတိထားဖို့ လိုပြီ

EPN Article
ဆောင်းပါး၊ ဇန်နဝါရီ ၁၉

သည်ရက်ပိုင်း သြစတြေးလျ တောမီးလောင်ကျွမ်းမှု သတင်းများကို ကြည့်ပြီး ရွှေလက် စိတ်မကောင်း ဖြစ်နေမိသည်။ မီးလောင်ကျွမ်း သေဆုံးနေသည့် တိရစ္ဆာန်လေးများ၊ မီးတောက် မီးလျှံကြားတွင် ပြေးလွှားနေ သည့် တိရစ္ဆာန်လေးများ၊ ကူညီ ကယ်ဆယ်သူများကြောင့် မီးဘေးကနေ မီးလောင်ဒဏ်ရာများနှင့် လွတ်လာ သည့် တိရစ္ဆာန်လေးများကို မြင်တွေ့ရသဖြင့် ရွှေလက် ရင်ထဲ ဆို့နစ်နေသည်။ သေဆုံးသွားရသည့် လူများ၊ ပျက်စီးသွားရသည့် အဆောက်အအုံများ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ဂဟစနစ်များအတွက် ဝမ်းနည်းမဆုံး ဖြစ်ရသည်။

သိပ်မကြာခင်ကလည်း ကယ်လီဖိုးနီးယား တောမီး၊ အမေဇုန် တောမီးများကြောင့် ပျက်စီးဆုံးရှုံးမှု များစွာနှင့် ရင်ဆိုင်ခဲ့ရသေးသည်။ ထိုကဲ့သို့ တောမီးဖြစ်စဉ်များသည် ကမ္ဘာပေါ်ရှိ သစ်တောပိုင်ဆိုင်သည့်နိုင်ငံများတွင် ကြုံ တွေ့နေကျ ဖြစ်သော်လည်း ယခုနောက်ပိုင်းတွင်မှ ပိုမိုပြင်းထန်လာပြီ ဆုံးရှုံးမှုလည်း များပြားလာခဲ့ခြင်း ဖြစ် သည်။

တောမီးလောင်ကျွမ်းမှုများကို လေ့လာကြည့်လျှင် ရာသီဥတုပြောင်းလဲမှု၊ အပူချိန်ပြင်းထန်မှုတို့ကြောင့် သဘာဝအလျောက် လောင်ကျွမ်းတတ်သည်ကို တွေ့ရသကဲ့သို့ လူတို့၏ ပယောဂကြောင့် လောင်ကျွမ်းတတ် သည်များကိုလည်း တွေ့ရသည်။ ထိုအထဲမှာမှ ကျွမ်းကျင်သူများ၏ ပြောစကားများ၊ မီးလောင်ကျွမ်းမှု ဖြစ်စဉ်များ အရ လူတို့၏ ပယောဂကြောင့် တောမီးလောင်ကျွမ်းမှု အများဆုံးဖြစ်ပွားခဲ့ကြောင်း လေ့လာသိရှိရသည်။ လူ့ ပယောဂကြောင့်ဟုဆိုရာတွင် တောမီးလောင်ကျွမ်းစေလိုသော ရည်ရွယ်ချက်ဖြင့် ရှို့သဖြင့် လောင်ကျွမ်းရခြင်း၊ တောတွင်း၌ စခန်းချနေထိုင်သူများ ပေါ့ဆမှုကြောင့် လောင်ကျွမ်းရခြင်း၊ တောထဲတွင် တောကောင်ငယ်များကို တောမီးရှို့ပြီး အမဲလိုက်ဖမ်းဆီးခြင်းများကြောင့် လောင်ကျွမ်းရခြင်း၊ သစ်တောစိုက်ခင်းများ၊ တောင်ယာစိုက်ခင်း များအတွက် မီးရှို့ရာမှတစ်ဆင့် လောင်ကျွမ်းခြင်းများ ပါဝင်သည်။

မြန်မာနိုင်ငံတွင် တောမီးလောင်ကျွမ်းမှုများ မကြာခဏ ဖြစ်ပေါ်နေသော်လည်း ရွှေလက်တို့ သတိထား မိသည်အထိ လောင်ကျွမ်းမှုများကို ၂၀၁၄ ခုနှစ်မှသာ ကြားသိခဲ့ရသည်။ ယခင်ကာလများက တောမီး လောင်ကျွမ်းမှုများကို သတင်းများတွင် မတွေ့ခဲ့ရ၍လား၊ သို့မဟုတ် ရွှေလက် လေ့လာမှုအားနည်းခဲ့၍လား တော့ မသိ။ ၂၀၁၉ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည့် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ၂၀၁၄ ခုနှစ် တွင် တောမီးလောင်ကျွမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုကို ဆောင်းပါးရေးသားခြင်း၊ အင်တာဗျူးများတွင် ပြောကြားခြင်း၊ သူ၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခြင်းဖြင့် ရွှေလက်တို့ တောမီးလောင် ကျွမ်းမှုများအကြောင်းကို သိခွင့်ရခဲ့သည်။ မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က “ ၂၀၁၄ ခုနှစ် မတ်လ အတွင်း တောမီးလောင်တာ၊ တောင်ယာမီးရှို့တာတွေကြောင့် မီးလောင်တဲ့နေရာပေါင်း ၃၂၀ လောက်ရှိပြီး အာဆီယံနိုင်ငံတွေထဲမှာ မီးလောင်ကျွမ်းမှု အများဆုံးဖြစ်တယ်” ဟု ပြောကြားခဲ့ဖူးသည်။

ထိုကာလက မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် လိုင်ကျေးရွာအနီးတွင် တောမီး လောင်မှုဖြစ်ပွားခဲ့ သည်။ တောမီးကို ရွာထဲ မကူးစက်အောင် ဝိုင်းငြှိမ်းသတ်ရာမှ ရွာသား သုံးဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့ရ သည်။ ယင်းတောမီးလောင်မှုသည် တောထဲတွင် ချက်ပြုတ်စားသောက်သည့် မီးကြွင်း၊ မီးကျန်များ၊ ဆေးလိပ် မီးများမှတဆင့် တောမီးလောင်ခြင်း ဖြစ်နိုင်ကြောင်း သတင်းများတွင် ဖော်ပြခဲ့ကြသည်။ ၂၀၁၅ ခုနှစ်အရောက် တွင်လည်း မြန်မာနိုင်ငံ အလယ်ပိုင်းမိုးနည်းဒေသ၏ အိုအေစစ်ဟု တင်စားခေါ်ကြသည့် ပုပ္ပားတောင်တွင် ရက် အတော်ကြာ တောမီးလောင်မှုဖြစ်ပွားခဲ့သည်။ ထိုတောမီးလောင်ကျွမ်းမှုကြောင့် တိရစ္ဆာန်ငယ်များ သေဆုံးခဲ့ရ သကဲ့သို့ တောတွင်း ဂေဟစနစ်များလည်း ပျက်ယွင်းခဲ့ရသည်။ မြန်မာနိုင်ငံတွင် တောမီးလောင်ကျွမ်းမှုများ သည် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ဆိုးရွားစွာလောင်ကျွမ်းမှု မဖြစ်ပေါ်သေးသော်လည်း တောမီးလောင် ကျွမ်းမှုကြောင့် သဘာဝအရင်းအမြစ်များ ထိခိုက်နိုင်ပြီး ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်ကြောင်း သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၊ ကျွမ်းကျင်သူများက သတိပေးပြောကြားခဲ့ကြသည်။

လက်တလောတွင်လည်း မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ရှိ ဇင်းကျိုက်တောင်ပေါ်၌ တောမီး လောင်မှုများ ဆက်တိုက် ဖြစ်ပွားနေသည်ကို သတင်းများတွင် ဖတ်ရှုရသည်။ တောမီးသည် ဇန်နဝါရီ ၁၀ ရက်နေ့ညပိုင်းအထိ ဆက်လက်လောင်ကျွမ်းနေပြီး ရွာထဲသို့ မီးကူးစက်လောင်ကျွမ်းခြင်း မရှိစေရေးအတွက် မီးသတ်အင်အား ၃၀ ကျော်နှင့် ဒေသခံရွာသားများက ရွာနှင့် တောအစပ်နေရာတွင် မီးငြိမ်းသတ်မှှုအစီအစဉ် များ ပြုလုပ်နေကြသည်ဟု သိရသည်။ မီးလောင်နေသောနေရာတွင် သက်ကယ်တောများ ရှိနေသဖြင့် မီးလောင်အားကောင်းနေဆဲဖြစ်ပြီး ဇင်းကျိုက်အကျဉ်းဦးစီး ကျောက်ထုတ်လုပ်သည့် ဝတ်ကြီးမိုင်း ပတ်ဝန်းကျင် နေရာအပေါ်ဘက်တွင် ပိုမိုလောင်ကျွမ်းနေခြင်းဖြစ်သည်။ လက်တလောတွင် တောမီးလောင်ကျွမ်းမှုကြောင့် သဘာဝအလျောက် ပေါက်ရောက်နေသော သီးပင်စားပင်ခြံများ မီးလောင်ဆုံးရှုံးမှု ဖြစ်ခဲ့သော်လည်း လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။ သို့သော်လည်း တောမီးကို ထိန်းသိမ်းနိုင်အောင်ဆောင်ရွက်ခြင်း၊ အရေးပေါ်ငြှိမ်းသတ်နိုင်အောင် စောင့်ကြည့်ခြင်းတို့ကိုတော့ ဆောင်ရွက်နေကြရသည်။ ထိုတောမီးမတိုင်ခင် ၂၀၁၉ ခုနှစ် မတ်လကလည်း တောင်ကြီးမြို့အနီး မြစိမ်းတောင်တွင် တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် တောနှင့်နီးသော နေအိမ်များ သတိဝီရိယရှိကြဖို့ လူမှုကွန်ရက်တွင် တိုက်တွန်းမှုများ ဖြစ်ပေါ်ခဲ့သေးသည်။

တောမီးနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တစ်ဦးက လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် “မြန်မာပြည်မြောက်ဖျား ထင်းရူးတောတွေ မီးလောင်တော့ တရုတ်နိုင်ငံက ဒုံးကျည် တွေပစ်ပြီး မီးငြှိမ်းရတယ်။ မြန်မာပြည်က သိတောင် မသိလိုက်ပါဘူး။ မြန်မာပြည်ရှမ်းပြည်မှာ တောမီးလောင် တော့ ထိုင်းနိုင်ငံဖက်ခြမ်း လေကြောင်းသွားလာရေး အနှောက်အယှက်တွေ ဖြစ်ပြီး လေယာဉ်ကွင်း ခေတ္တခဏ ပိတ်ရတာ တွေရှိပါတယ်။ အရှေ့တောင်အာရှမှာ ခြောက်သွေ့ရာသီ တောမီးလောင်ကျွမ်းမှုအကြိမ် ၅၀၀၀၀ လောက် ဂြိုလ်တုဓာတ်ပုံတွေအရ စုံစမ်းလေ့လာတွေ့ရှိရင် မြန်မာပြည်မှာက ၂၀၀၀၀ ကျော်လောက် ဖြစ်ပွားနေ တာကို တွေ့ရတယ်” ဟု ရေးသားခဲ့သည်။ ယင်းအခြေအနေအရ မြန်မာနိုင်ငံတွင် ရွှေလက်တို့ မသိလိုက်သော၊ သတင်းများထဲတွင် မပါလိုက်သော တောမီးလောင်ကျွမ်းမှုများ ရှိနေသေးကြောင်း သိနိုင်ပါသည်။

မည်သို့ပင်ဆိုစေကာမူ တောမီးသည် သဘာဝပတ်ဝန်းကျင် ဂေဟဗေဒစနစ်၊ ဇီဝမျိုးစုံမျိုးကွဲ၊ လူ့အသက် အိုးအိမ်စည်းစိမ်၊ နိုင်ငံတော် လုံခြုံရေးများကိုပါ ထိခိုက်ဆုံးရှုံးနိုင်သဖြင့် အထူးသတိထားရမည့် အန္တရာယ်ကောင် ဖြစ်သည်။ သြစတြေးလျနိုင်ငံတွင် တောမီးလောင်မှုကြောင့် လူတို့၏ အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံးခဲ့ရ သည်။ မြေဧက ၁၉ ဒသမ ၈ သန်း မီးလောင် ဆုံးရှုံးခဲ့ရသည်။ လေထဲသို့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ၄၀၀ မဂ္ဂါတန် ရောက်ရှိခဲ့သည်။ သားရဲတိရစ္ဆာန် သန်း ၅၀၀ ကျော် သေဆုံးခဲ့ရသည်။ နိုင်ငံတော်ဘဏ္ဍာငွေများ ဆုံးရှုံးခဲ့ရသည်။ ထိုမျှမကသေး၊ တောမီးလောင်ကျွမ်းခြင်းကြောင့် သစ်တောများပြုန်းတီးပြီး ရာသီဥတု ပိုမို ပြောင်းလဲလာနိုင်သည်။ အပူချိန်များတိုးမြင့် လာနိုင်သည်။ အပူချိန်တိုးလာလျှင် ရေခဲတွေ အရည်ပျော်ပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနိုင်သည်။ ရေကြီးမှုများ ပိုမိုကြုံရနိုင်သည်။ တစ်ဆက်တည်းမှာပင် မိုးခေါင် မှုများ၊ ရေရှားပါးမှုများလည်း ပိုမို ကြုံတွေ့လာရနိုင်သည်။ ဇီဝမျိုးစုံ မျိုးကွဲများ ပျက်စီးပြီး မျိုးသုဉ်းပျောက်ကွယ် သွားနိုင်သည်။ ထိုအချက်များကို ချုပ်လိုက်လျှင် တောမီးလောင်ကျွမ်းမှုကြောင့် တိုင်းပြည်နှင့် လူမျိုးကို ထိခိုက် ပျက်စီး ဆုံးရှုံးပြီး နိုင်ငံတော် ဘဏ္ဍာငွေများ ဆုံးရှုံးမည်။ တိုင်းပြည် စီးပွားရေး ကျဆင်းမည်။ ပြည်သူများ ဆင်းရဲ တွင်း ရုန်းထွက်မရ ဖြစ်တော့မည်။ တွေးကြည့်ရုံနှင့် ကြောက်စရာကောင်းလွန်းပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများကဲ့သို့ တောမီးလောင်ကျွမ်းမှု မဆိုးရွားသော်လည်း မပေါ့ မလျော့ပဲ သတိကြီးကြီးထားဖို့ လိုသည်။ ကာကွယ်ခြင်းသည် ကုသဖြင်းထက် ပိုမိုထိရောက်သည် ဟူသော စကားအတိုင်း ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရမည်။ တောမီးကို ကြိုတင်ကာကွယ်မည်ဆို၍ “ကိုယ့်ထက် အဆပေါင်းများစွာ ချမ်းသာနေတဲ့ နိုင်ငံတွေတောင် မလုပ်နိုင်တာ၊ ငါတို့က ဘယ်လို ကြိုတင် ကွယ်ကြမလဲ” ဟု တစ်ချို့က ပြောကြဦးမည်။ သည်လိုဆိုလျှင် “ဟုတ်ကဲ့၊ မလုပ်ဘဲ နေလျှင် ပိုဆိုးမည်”ဟုသာ ရွှေလက် ပြန်ပြော ချင်သည်။ နိုင်ငံတော်အစိုးရ အပါအဝင် ပြည်သူများအားလုံး စုပေါင်း အင်အားဖြင့် လုပ်နိုင်သလောက် ကြိုတင် ကာကွယ်မှု လုပ်ကြရမည်။

အနည်းဆုံးတော့ လူများ၏ ပယောဂကြောင့် တောမီးလောင်ကျွမ်းမှု မရှိအောင် တင်းတင်းကျပ်ကျပ် ဆောင်ရွက်ကြရမည်။ လူတစ်ဦးချင်းကလည်း တောမီးလောင်ကျွမ်းနိုင်သည့်ကိစ္စများ အတတ်နိုင်ဆုံးမလုပ်ကြဖို့ လိုသည်။ မဖြစ်မနေလုပ်ရလျှင်လည်း မပေါ့မလျော့ဘဲ မိမိကြောင့် တောမီးလောင်ကျွမ်းမှု မဖြစ်အောင် အစီအမံ ကောင်းများဖြင့် လုပ်ဆောင်သင့်သည်။ ဖြစ်နိုင်လျှင် တောမီးလောင်ကျွမ်းမှုကို ချက်ချင်းသိပြီး ချက်ချင်းငြှိမ်း သတ်နိုင်အောင် စောင့်ကြည့်သည့် စနစ်များ၊ တောမီး အလွယ်တကူ ကူးစက်မလောင်အောင် မီတားလမ်း ပြုလုပ်ခြင်းများ၊ တောမီးလောင်ကျွမ်းမှုအတွက် သီးသန့်အဖွဲ့အစည်း၊ ရန်ပုံငွေ၊ စက်ပစ္စည်း အစုံအလင်တို့ကို ထားရှိခြင်းများ၊ အသိပညာပေးခြင်း၊ ဇာတ်တိုက် လေ့ကျင့်ခြင်းများကို အပေါ်ယံ အပြသက်သက် မဟုတ်ဘဲ ထိထိရောက်ရောက် ဆောင်ရွက်ထားသင့်သည်။ သို့မှသာ တောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို ထိုက်သင့်သလောက် လျော့ကျစေနိုင်မည် ဖြစ်သည်။ ။

ရွှေလက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။